Monday, December 8, 2008

မိသားစု ဆိုတာဘာလဲ...

ဒီနေ့ မေမေနဲ့ မောင်လေး ဆိုင်ကယ်အက်စီးဒင့်ဖြစ်တယ်။ အိမ်က ကိုယ်ကို မပြောပြဘူး။ ၀မ်းနည်းလိုက်တာ...
ဒီတစ်ခါပါရင် သုံးခါရှိသွားပြီ... တစ်ခါက မေမေဆေးရုံတတ်တယ်.. ခွဲခန်းဝင်ရတယ်.. သေလုမြောပါးဖြစ်တယ်.. အဲဒါတွေ ပြီးမှကိုယ်သိရတယ်...
နောက်တစ်ခါက မေမေ ဆိုင်ကယ်အက်စီးဒင့်ဖြစ်တယ်... ဖြစ်ပြီး ၃ ၄ ရက်မှ စင်ကာပူက အစ်မက အွန်လိုင်းမှာ တွေ့လို ပြောပြမှသိရတယ်... ပြန်လာမယ်ဆို ပေးမပြန်သေးဘူး... နောက် ၅ ရက်လောက်မှ ကိုယ်အကြံအဖန်တွေလုပ်ပြီး ပြန်တော့ မေမေကကောင်းနေပြီ..
ဒီတစ်ခါတော့ မရတော့ဘူး.. ကိုယ် ဘယ်သူကိုမှ မပြောပဲပြန်တော့မယ်...

ရုပ်ရှင်တွေထဲမှာသာ အဝေးမှာရှိနေတဲ့ သားသမီးကို မိဘတစ်ခုခုဖြစ်တာကို ဖုံးထားတယ်ဆိုတာ ကြည့်လိုကောင်းတာ...
အပြင်မှာတော့ ကိုယ်က ကိုယ်တိုင်ပဲ ခံစားရလို့ သိပ်ခံရခက်တယ်... ကိုယ်ကို မိသားစုဝင်တစ်ယောက်လို့ မသတ်မှတ်တာလား...လိုတွေးမိတဲ့အထိပဲ...
မတွေးသင့်ဘူးဆိုတာတော့ သိတယ်.. ဒါပေမယ့် မိသားစုမှာ အခက်အခဲရှိတိုင်း ကိုယ်က အမြဲ နောက်ဆုံးမှ ဖုံးထားလိုမရမှ သိရတာ... တဖြည်းဖြည်း ကိုယ်ဆီမှာ နွေးထွေးမှုတွေ မခံစားရတော့ဘူး...

မိသားစုဆိုတာ အေးအတူ ပူအမျှ ခံစားရမှာလို့ ကိုယ်ယုံကြည်ထားတာ... ခုတော့ ... ကိုယ်အမြဲ သူတို့ရင်ငွေ့နဲ့ဝေးခဲ့ရတယ်...
ကိုယ့်ပညာရေးအတွက်.. ကိုယ့်ရှေ့ရေးအတွက် ... ဒီလိုနဲ့ပဲ... အဝေးတနေရာမှာ တစ်ယောက်တည်းရှင်သန်ရင်း...ကိုယ်လည်း မာရေကျောရေဖြစ်လာတယ်...
လူတွေကို ထီမထင်ပုံစံဖြစ်လာတယ်... တကယ်က အဲဒီလိုနေချင်တာ မဟုတ်ဘူး... မိသားစုနဲ့ အသိုင်းအ၀ိုင်းလေးနဲ့ ဘ၀မျိုးနဲ့ သူတွေကို တွေ့ရင်
ကိုယ်မနာလိုဖြစ်တတ်တယ်... အလုပ်မှာ အစ်မက ထမင်းတည့်ပေးလိုက်တာ ဘာဟင်းမှန်းတောင်မသိဘူး ဆိုပြီး သူများတွေပြောရင်.. အမေချက်ထားတဲ့ ဟင်းလေးဆိုပြီး သူများတွေပြောနေတဲ့အချိန်...
ကိုယ်ကတော့...ကိုယ်တိုင်ချက်လာတဲ့ဟင်းနဲ့ ... တစ်ခါတစ်ခါ ညအိပ်တာနောက်ကျလို... ထမင်းမပါတဲ့ရက်တွေကလည်း အများသား... တစ်ပတ်မှာ ၄ ရက်လောက်က ခေါက်ဆွဲပြုတ်နဲ့ နှစ်ပါးသွားနေရတာ... နောက်ဆုံး အလုပ်ထဲမှာ ခေါက်ဆွဲပြုတ်အိုးတောင် ၀ယ်ထားရတယ်...

ကိုယ်အစ်မတစ်ယောက်ဆို စင်ကာပူမှာနေတယ်... ဒါပေမယ့် သူက သူ့အိမ်ကသတင်းဆို ဆိုးဆိုးကောင်းကောင်း သူသိရတာပဲ... ကိုယ်က တစ်ခုခု သူအိမ်မှဖြစ်လို့ပြောပြရင် (အင်း ငါသိတယ်...) ဆိုတာမျိုးပဲ ကြားရတယ်... နောက်ဆုံး သူအိမ်မှာ မုန့်လုပ်စားကြတယ်ဆိုပါတော့ ... သူဆီကို ပြောပြပြီးသားပဲ...
ကိုယ်အိမ်ကတော့ တစ်ခုခုဆို သူများပြောမှသိရတယ်... ကိုယ်အိမ်က ဖြစ်နေတဲ့ကိစ္စတစ်ခုကို ကိုယ်က အရင်မသိရပဲ သူများက ပြောပြမှသိရတာ... ဘယ်လောက်ဆိုးလိုက်သလဲ...
သူငယ်ချင်းတွေက မင်းကို သူတို့ကချစ်လိုပါတဲ့... သူတို့ချစ်တာက ကိုယ်ချစ်စေချင်တဲ့ပုံစံမဟုတ်နေတာ မသိကြဘူး...

မိသားစုနဲ့နေတဲ့ သူငယ်ချင်းတွေ အိမ်ပြန်နောက်ကျမှာ ကြောက်ကြတယ်.. မေမေဆူလိမ့်မယ်တဲ့... အဖေပြောလိမ့်မယ်တဲ့.. သူတို့က ကိုယ်ကိုအားကျကြတယ်...
လွတ်လပ်တယ်ဆိုပြီး .. ကိုယ်ရင်ထဲမှာ ငါကို ဒီလိုစိတ်ပူပေးမယ့်သူရှိရင် ကောင်းမယ်ဆိုပြီး ကြိတ်ပြီးအားကျနေတာတွေ သူတို့မသိကြဘူး...
တခြားတစ်ခြားသော တစ်ယောက်တည်း ရှင်သန်နေတဲ့သူတွေ ဘယ်လိုနေလဲ မသိပင်မယ့် ကိုယ်အတွက်တော့ နွေးထွေးမှုဆိုတာ ရှားပါးပစ္စည်းပဲ...
အဲဒါကြောင့် ကိုယ့်အပေါ်နည်းနည်းလေး ကောင်းလည်း အဲဒီလူကို ကိုယ်သိပ်တွယ်တာတတ်တယ်... အဲဒီနွေးထွေးမှုအတွက် ကိုယ်ဘာပေးရပေးရ ကိုယ်နစ်နာတယ်လို့ မထင်ဘူး..

တစ်ခါတစ်ခါ အထီးကျန်တာတွေ ပျောက်ဖို့ အမျိုးစုံ စိတ်ထွက်ပေါက်တွေလည်း ရှာတတ်တယ်... ဒါပေမယ့် အဲဒါတွေက တကယ့်အဖြေမဟုတ်ဘူး...ဆိုတာ ကိုယ်သိတယ်...


ဒီစာကိုဖတ်မိရင် ကိုယ်အမျိုးတွေ ကိုယ်ကိုဝိုင်းပြောမယ်ဆိုတာလည်း ကိုယ်သိတယ်... မရေးပဲလည်း မနေနိုင်ဘူး...
အရမ်းခံစားနေရတာတွေ ပေါ့သွားမလားလို့ ရေးကြည့်တာပါ...
တစ်ကယ်တမ်းတော့ မေမေ ဖေဖေတို့ ကိုယ်ကို ဘယ်လောက်ချစ်လဲဆိုတာ ကိုယ်သိပါတယ်...
ဒါပေမယ့် ကိုယ်ချစ်စေချင်တဲ့ ပုံစံမျိုးတော့မဟုတ်ဘူး...

Friday, December 5, 2008

ဆာလောင်ခြင်း

ငါ ရင်ထဲမှာ
တစ်ခုခုကို
ပြင်းပြင်းပြပြ
မွတ်သိပ် ဆာလောင်နေမိတာများ
အသက်ရူသံတွေတောင်
ဆူညံလို...

ရွေးချယ်မှုတဲ့
ငါကို ဒုက္ခပေးနေလိုက်တာ
ရင်ခုန်သံကိုပဲ ဦးစားပေးရမလား...
လူကျင့်ဝတ်ကိုပဲ လိုက်နာရမလား...

ငါရူးတော့မယ်...
ဆွဲဆောင်မှူတွေ ဗလပွနဲ့
ကဲ ဘယ်မှာလဲ
စိတ်ငြိမ်းချမ်းမှု...

Friday, November 21, 2008

My Poem

ရင်ထဲက မုတ်သုံရာသီတွေ
တိမ်လိုညိုတုန်းက နင်ကို
သတိရလိုက်တယ်

ပန်းလေးတစ်ကုံးလို
နင်ကို ငါရင်မှာသီဖူးပါရဲ့
ပြောခွင့်ရမယ် ထင်ပြီး
ရင်ခွင်ကို ဆွဲဖွင့်လိုက်တုန်းက
စကားလုံးတွေ ခုန်ထွက်သွားဖူးတယ်
(နောက်ဘဝဆီကိုပေါ့)

အငုံဘဝမှာပဲ ကြွေကျသွားရတဲ့
ပွင့်ချပ်လေးတစ်ဖတ်ပေါ့

ယုံကြည်မယ်ဆိုရင်တော့
လက်ခုပ်တီးလိုက်ပါ…

မမြင်ဘူးဆိုတော့
ဟားတိုက်ရီမောလိုက်ပါ……

သူငယ်ချင်းတစ်ယောက်ရဲ့ကဗျာလေးပါ..........
သူကို ခွင့်မတောင်းပဲတင်ထားတာ.......

Saturday, November 8, 2008

ချစ်တဲ့ ကျောင်းတော်ကြီး

ကိုယ်တို့ကျောင်းက တောင်ကြီးသစ်တောရပ်ကွက်မှာရှိပါတယ်...
ငယ်ငယ်ကတည်းက သူငယ်တန်းကနေ ဆယ်တန်းထိ အဲဒီကျောင်းမှာပဲ နေခဲ့တာပါ...
ကျောင်းက ရေနံချေးတွေသုတ်ထားတဲ့ နံရံမည်းမည်းနဲ့ အဆောင်တွေ။ နောက်ပိုင်းမှ ထပ်ချဲ့ထားလို အုတ်နဲ့ ဆောက်ထားတဲ့ အဆောင်တွေရော ရှိတယ်...
မှတ်မှတ်ရရ ကျောင်းရှေ့ကွင်းပင်ကြီး မှာ စိန်ပန်းပင်တွေလည်းရှိပါတယ်...
နွေရာသီကျောင်းပိတ်ရက်တွေမှာ ကျောင်းဝင်းထဲသွားလည်ရင် စိန်ပန်းနီနီတွေ ကျောင်းရှေ့ကွင်းပြင်မှာ ပြန့်ကျဲ့လို.......... အဲဒီအချိန်ဆို ဘာကိုလွမ်းမှန်းမသိလွမ်းနေတာပဲ...
သူငယ်ချင်းတွေကိုရော ကိုယ်တို့ကို ဆူတတ်တဲ့ ဆရာမတွေကိုရော လွမ်းနေတာပဲ...

ကျောင်းရဲ့ အလယ်လောက်မှာ ချောင်းတစ်ချောင်းဖြတ်စီးနေတယ်...
အဲဒီချောင်းကို ကျော်ဖို့ တံတား ၃ စင်း ကျောင်းထဲမှာရှိတယ်...
တစ်ခုက ၃ တန်း ၄ တန်း အဆောင်ကိုသွားတဲ့ တံတား၊ နောက်တစ်ခုက မုန့်ဆိုင်တွေဆီကို သွားတဲ့တံတား (ခုတော့ မုန်ဆိုင်တွေ နေရာရွှေ့သွားပြီဆိုတော့ အဲဒီတံတားက စိုက်ခင်းတွေဆီကို ပဲရောက်တော့တာ) နောက်ဆုံးတံတားကတော့ မိန်းကလေးအိမ်သာကို သွားတဲ့တံတားပါ...
အဲဒီတံတားတွေ အားလုံးပေါ်မှာ ကိုယ်တို့ ထိုင်ခဲ့ဖူးတယ်...
အောက်မှာရေလေးတွေက စီးလို............ ကြည်လို.... (အမှိုက်တွေ မပစ်ထားတဲ့ အချိန်ကိုပြောတာပါ)
ခံစားရတာ အရမ်းပျော်စရာကောင်းပါတယ်...

ငယ်ငယ်က စာထဲမှာ ကျက်ဖူးတာတော့ ကိုယ်တို့ကျောင်းက E ပုံစံလိုကျက်ဖူးပါတယ်...
အဲဒီမှာ ကိုယ်ဘ၀င်မကျတာက တကယ် E ပုံစံမဟုတ်တာကိုပါ...
E မှာက အချောင်း ၃ ချောင်း ရှိပြီး ကိုယ်တို့ကျောင်းက ၄ ချောင်းရှိနေတာကိုပါ...
ပထမဆုံးတစ်ခုက အပေါ်ထပ်မှာ (၁၀)တန်း အောက်ထပ်မှာ (၇) တန်း၊
ဒုတိယတစ်ခုက အပေါ်မှာ ကျောင်းခေါင်းလောင်း (ဘေးမှာအခန်းတစ်ခန်းရှိသေးတယ် အဲဒီအခန်းကို ကိုယ်သေချာမသိဘူး ဘာတွေရှိလဲ ဆိုတာ ဆရာမတွေနားတဲ့အခန်းလည်းမဟုတ်ဘူး စာသင်ခန်းလည်း မဟုတ်ဘူး ဘာလိုလဲဆိုတော့ ကိုယ်တို့ကျောင်းခေါင်းလောင်းက အသံအရမ်းကျယ်တော့ အဲဒီအခန်းကို ဘယ်သူမှမသုံးတာနေမှာ)
တတိယတစ်ခုကတော့ အောက်ထပ်မှာ ဆရာမတွေအခန်းနဲ့ အပေါ်မှာ ကျောင်းအုပ်ကြီးအခန်း၊
နောက်ဆုံးတစ်ခုက အောက်မှာ (၅)တန်းအခန်းနဲ့ အပေါ်က (၈) တန်း အခန်းလို့ ထင်တယ်...
အဲဒီလိုကို ဆရာမတွေက ဘာလိုများ E ပုံစံလို့ပြောခဲ့လဲဆိုတာ ကိုယ်စဉ်းစားလို့မရပါဘူး...
သူတို့ကျောင်းကို အပေါ်စီးကနေ မမြင်ဖူးလို့နေမှာ... အဲဒီတုန်းကလည်း Google earth တွေ ဘာတွေမှ မရှိသေးတာ... ဟိဟိ

ကိုယ်ပြောချင်တာက ကိုယ်တို့ပညာရေးကိုပါ။ ကျောင်းမှာ ဆရာမပြောသမျှကို ခေါင်းငြိမ့် အိမ်မှာ မိဘပြောသမျှကို လက်ခံ ဒီလိုနေတဲ့ကလေးမျိုးမှ တော်တယ် လိမ္မာတယ် ယဉ်ကျေးတယ်လို ယူဆထားတဲ့ကိစ္စကိုပါ။ ကိစ္စတစ်ခုကို မှန်တယ် မှားတယ် စဉ်းစားပြီး ဝေဖန်သုံးသပ်နေရင်တော့ အဲဒီကလေးကို လူကြီးတွေက သိပ်မကြည်ပါဘူး။ ကျောင်းမှဆိုရင်တော့ အဲဒီကျောင်းသားမလွယ်ဘူးပဲ။ ပညာစမ်းတယ် ဘာညာဖြစ်တာ...........

ကိုယ်တို့ငယ်ငယ်တုန်းကပေါ့။ ခုလူကြီးတွေကတော့ အဲဒီတုန်းကလောက်မဆိုးတော့ဘူးလို့ ထင်ပါတယ်။ ကိုယ်တို့ ပြင်သစ်စာသင်တဲ့ကျောင်းက စာကြည့်တိုက်မှူးပြောတဲ့ စကားတစ်ခုရှိပါတယ်။ "လူတွေ အသက်ကြီးလာတဲ့ကိစ္စက ဘာမှကြိုးစားစရာမလိုတဲ့ ကိစ္စ။ အဲဒီတော့ အသက်ကြီးတိုင်းလည်း မှန်ချင်မှ မှန်မယ်။ လူကြီးပြောသမျှကို အသက်ကြီးတယ်ဆိုတာ တစ်ခုတည်းနဲ့တော့ သူပြောသမျှကို လက်ခံစရာမလိုဘူး။ " တဲ့ .... ကိုယ်အဲဒီစကားကို အရမ်းသဘောကျတယ်။

အဲဒါထားပါ။ ကိုယ်တို့ကျောင်းအကြောင်း ရေးနေတာကို ပြန်သွားအုံးမယ်။ ထ (၁) မှာ ကိုယ် သူငယ်တန်းကနေ ဆယ်တန်းပြီးတဲ့အထိ နေခဲ့တာပါ။ အဲဒီကျောင်းမှာ သူငယ်ချင်းတွေနဲ့တွေ့တယ်။ ခင်မင်ကြတယ်။ သံယောဇဉ်တွေဖြစ်ကြတယ်.....
တစ်ချို့သူငယ်ချင်းတွေက ငယ်ငယ်လေးနဲ့ ဆုံးသွားတယ်။ တစ်ချို့က အိမ်ထောင်ကျပြီး စောစောစီးစီး ဘ၀လမ်းကြောင်းကို လျှောက်ကုန်တယ်။ တစ်ချို့က အတန်းကျခဲ့တယ်။ တစ်ချို့က ကျောင်းပြောင်းသွားတယ်။ တစ်ချို့က မြို့ပါပြောင်းသွားတယ်....
ကျန်ခဲ့တဲ့သူတွေက စာတော်တာ မတော်တာ ကိုလိုက်ပြီး အခန်းတွေကွဲကုန်တယ်။ တစ်ဖြည်းဖြည်းကြီးလာတော့ စရိုက်တူတဲ့ အုပ်စုလေးတွေဖြစ်လာတယ်...


ဆယ်တန်းဖြေပြီးစ ဖြစ်မယ်ထင်ပါတယ်.... သူငယ်ချင်းတွေ ဆရာမတွေနဲ့ အမှတ်တရပါ...

ဒီလိုနဲ့ ကိုယ်နဲ့စရိုက်တူတဲ့ သူငယ်ချင်း ၃ယောက်တော့ ခုထိ ကိုယ်ဆီမှာ ရှိသေးတယ်။ တစ်ယောက်က အိမ်ထောင်ကျသွားပြီ။ ခုသားလေးတစ်ယောက်နဲ့ အရမ်းလည်တဲ့ကောင်လေးပေါ့။ သူနဲ့ကိုယ်နဲ့က သူငယ်တန်းကတည်းက တစ်ခန်းတည်း နောက် ၄ တန်း၊ ၆တန်း၊ ရ တန်း၊ ၈ တန်း၊ ၁၀ တန်း မှာ တစ်ခန်းတည်းနေခဲ့တာ။ သူက ဆရာမသမီးဆိုတော့ ကျောင်းမှာဆို ဆရာ၊ဆရာမတွေက သိပ်ဂရုစိုက်တာ။ ကိုယ်နဲ့ အကြာဆုံး တွဲခဲ့တဲ့ သူပေါ့။ နောက်တစ်ယောက်က ခု တောင်ကြီးမှာပဲ။ သူမှာ အကို တစ်ယောက် နဲ့ မောင်လေး ၂ ယောက်ဆိုတော့ ယောကျာင်္းနည်းနည်းဆန်တယ်။ ကိုယ်လိုပဲ။ သူနဲ့ က ၈ တန်းမှာ ကျူရှင်တူတူတက်ပြီး အခန်းလည်းတူတယ်။ ဆယ်တန်းမှာ ကျုရှင်တူတူတတ်တော့ ပိုခင်လာတယ်။ နောက် ကွန်ပျူတာတတ်တော့လည်းတူတူ မန္တလေးမှာ ကျောင်းသွားတတ်တော့လည်း တူတူဆိုတော့ အရမ်းချစ်တာ သူကို။ တတိယတစ်ယောက်က State ကျောင်းမှာတုန်းက သိပ်မတွဲဖြစ်ပဲ ရန်ကုန်မှာ UFL တတ်တော့မှ တွဲမိပြီ ခင်သွားတာ။ ခုတော့ သူက ဒူဘိုင်းကိုသွားလိုက်ပြီ...

ကိုယ်ကျောင်းစတတ်ကတည်းက ဆယ်တန်းအထိ ကျောင်းအုပ်ကြီးက ဦးတင်သိန်းပါ...
ဆရာကြီးက အရပ်အမြင့်ကြီးနဲ့ သူလာရင် အဝေးကြီးအတည်းက မြင်နေရတယ်။ (ကြိုရှောင်လို အရမ်းအဆင်ပြေပါတယ်။) သူက အရပ်ရှည်သလို ရုပ်လည်းဖြောင့်ပါတယ်။ အရမ်းခံညားတဲ့သူပေါ့...
မှတ်မှတ်ရရ ကိုယ်တို့ကျောင်းမှာ ဆရာ ၄ ယောက်ပဲရှိပါတယ်။ ကိုယ်တို့ငယ်ငယ်က ယောကျာင်္းလျှာ ဆရာတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူမှာ မိန်းမရှိတယ်ဆိုလို ငယ်ငယ်က အရမ်းကို အံ့သြခဲ့ရတာ။ သူနဲ့တော့ စာမသင်ခဲ့ရပါဘူး။ သူကျောင်းပြောင်းသွားတာလား ဆုံးသွားတာလားဆိုတာတော့ မမှတ်မိတော့ပါဘူး။

ကိုယ်တို့ကျောင်းမှာ ကိုယ်ဖေဖေရော သူတို့မောင်နှမတွေ အားလုံးတတ်ခဲ့တာတဲ့။ ကိုယ်ဆယ်တန်းရောက်တဲ့ အချိန်ထိ ကိုယ်ဖေဖေရဲ့ ဆရာမတွေနဲ့ စာသင်ခဲ့ရပါတယ်။ ခုချိန်ထိတောင် သူတို့ကျောင်းမှာရှိနေသေးတယ်။ ဆယ်တန်းအောင်ပြီး တခြားဘယ်ကျောင်း တတ်တတ် ထ(၁) မှာလောက် မပျော်ခဲ့ဘူး။ အဲဒီကျောင်းမှာပဲ ကျောင်းတတ်ပြီး ဆယ်တန်းအောင်ခဲ့တော့ အရာရာဟာ ကိုယ်နဲ့တစ်သားတည်း ဖြစ်နေခဲ့တာ။ တစ်ခါတစ်ခါ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်သွားတာကို နှမြောမိတယ်။ မဟုတ်ရင် ကျောင်းမှာ ဒီထက်ပိုကြာကြာနေခဲ့ရအုံးမှာ လိုတွေးမိတယ်...

မှတ်မှတ်ရရ ကိုယ်တို့ကျောင်းမှာ တနင်္လာနေ့တိုင်း Assembly ရှိတယ်။ ၅တန်းက စပြီး ကျောင်းသားတိုင်း မပျက်မကွက်တတ်ရတယ်။ ဆရာကြီးက မိန့်ခွန်းတွေပြော ကိုယ်တို့က ဟိုငေးဒီငေးလုပ်ပေါ့။ တစ်ခါတစ်ခါတော့ သူပြောတာကို ကောင်းကောင်းနားထောင်ကြပါတယ်။ သူပြောတာကတော့ စာကြိုးစားဖို့ လိမ္မာဖို့ ယဉ်ကျေးဖို့ ပါပဲ။ တစ်ခါတစ်ခါတော့ ကျောင်းကနေ ဂုဏ်ယူစရာ ကျောင်းသားတွေ ဖြစ်အောင်နေဖို့လည်းပါတတ်ရဲ့။ ခုချိန်ထိတော့ ကိုယ်ကြောင့် ကျောင်းမှဘာဂုဏ်ယူစရာမှ မရှိသေးပါဘူး။ ဘယ်တော့ရှိလာ မှာလဲ ဆိုတာလည်း ကိုယ်မသိပါဘူး။ ရှိချင်မှလည်း ရှိလာမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ထ (၁) ကျောင်းသားဆိုတာကို အမြဲတမ်း ဂုဏ်ယူပြီးတော့ ပြောနေမှာပါ။

ဒီစာပိုဒ်လေးကို တခြားတခြားသော ထ(၁) ကျောင်းကမောင်နှမတွေလည်း ဖတ်မိစေချင်ပါတယ်။

Monday, November 3, 2008

Intro...

သူများတွေ blog ရေးတရ် ရေးတရ် ဆိုတော့ ကိုယ်လည်း ကိုယ်နာမည်နဲ့ blog တစ်ခုလုပ်ဖို့ ကြိုးစားကြည့်တာပါ.. blog မှာကျတော့ ကိုယ်ရေးထားတာတွေကို ဘယ်အယ်ဒီတာကိုမှ ပြစရာမလိုတော့ဘူးလေ... ရွေးပါ့မလားဆိုပြီးတော့လည်း ရင်တထိတ်ထိတ် ဖြစ်ဖို့မလိုဘူးပေါ့...လွတ်လပ်တရ်... ညီမျှတရ်... (စာဖတ်သူဆီကို ဘယ်အဆင့်ကိုမှ မဖြတ်ပဲတန်းရောက်နိုင်တာကို ကြိုက်တာပါ... တစ်ခုတော့ရှိတရ်... ဒီမှာတော့ ဟိုကျော်ဒီကျော် ကျော်ရတာတော့ရှိတာပေါ့လေ... ဟဲဟဲ
ဒီလိုနဲ့ ကြိုးစားလိုက်တာ ခုတော့ blog တစ်ခုရသွားပြီ...

ခုရပြီးတော့ ဘာရေးရမလဲ စဉ်းစားရပြန်ရော်...
ပထမဆုံးသတိရမိတာက ကိုယ့်ဇာတိမြို့ကလေးပါ... ကိုယ်နာမည်ကြောင့် ကိုယ်ဘယ်မြို့ကပါဆိုတာ ပြောပြဖို့ လိုမယ်မထင်ဘူး...
ဟုတ်ပါတရ်.. တောင်ကြီးဆိုတဲ့ တောင်ပေါ်မြို့ကလေးကပါ... တောင်ပေါ်ဒေသက မြို့တစ်မြို့ဖြစ်ပင်မယ့် ကိုယ်တို့မြို့က ဘယ်တုန်းကမှ ခေတ်နောက်မှာ မကျန်ခဲ့ဖူးပါဘူး... ၀တ်စားဆင်ယင်တာ...လူနေမှုအဆင့်အတန်း...နည်းပညာ (ဥပမာ IT ပေါ့ ခု တောင် တောင်ကြီးမှာ အင်တာနက်ဆိုင်တွေ အများကြီးပဲတဲ့ (www.taunggyicherryland.com) မှာ ဖတ်တာ..

နောက်ပြီး ဟိုတစ်လောက Asian ကပေးတဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးဆု တောင်ရလိုက်သေးတရ်... ကိုယ်ကတော့ အဲဒီမြို့လေးမှာ မွေးဖွားလာတာ.. တောင်ကြီးသူဖြစ်ရတာ ... အရမ်းဂုဏ်ယူတရ်... ကျန်တဲ့တောင်ကြီးသူ တောင်ကြီးသားတွေလည်း ကိုယ်လိုပဲဖြစ်မရ်လို ထင်ပါတရ်...

ကြွားလက်စနဲ့ဆက် ကြွားအုန်းမှ ... ကိုယ်က အထက(၁) ကပါ.. ကိုလေးဖြူ ကိုအငဲ ကိုဒိုးလုံး နဲ့ စိုင်းစိုင်း တို့နဲ့ တစ်ကျောင်းတည်းပေါ့... ဟဲဟဲ

အင်းဘယ်လိုအဆုံးသတ်ရမလဲမသိတော့ဘူး.....

ဒီလိုပဲ အဆုံးသတ်လိုက်တော့မရ်ကွာ....

ကဗျာ

Quelqu'un dit qu'il est mort.
Il a disparu soudainement.
Est-ce que notre amitié aussi a disparu?

Dans ce monde où seul l'impermanent est permanent...
Faut-il avoir envie de nos corps?
On ne peut pas ventre ça comme celui d'un porc...
Donc, pourquoi en a-t-on besoin?
Pourquoi le désire-t-on tellement?
Pourtant, quand je me meurs...

Si je peux donner...
Mes cornées...
Mon coeur...
Mes reins...
Mes os...
Tout ce que je peux donner...

Oui, je suis déjà morte.
Mais mes cornées donnent de la lumière à quelqu'un
Mes reins aussi...
...........aussi.......
Oui, même morte,
Je vis encore...
Oh!
Même en pensant,
Je veux totalement suivre mon ami...
ça,
ça me plait beaucoup.



ပြင်သစ်လိုရေးထားတဲ့ကဗျာလေးပါ...
ရေခြားမြေခြားမှာ မမျှော်လင့်ပဲ ဆုံးပါးသွားတဲ့သူငယ်ချင်း တစ်ယောက်အတွက် ရည်ရွယ်ပြီးရေးခဲ့တာပါ...
နောက်ရက်မှ အင်္ဂလိပ်လို ဘာသာပြန်ပြီး တင်သွားပါမယ်...