Saturday, November 8, 2008

ချစ်တဲ့ ကျောင်းတော်ကြီး

ကိုယ်တို့ကျောင်းက တောင်ကြီးသစ်တောရပ်ကွက်မှာရှိပါတယ်...
ငယ်ငယ်ကတည်းက သူငယ်တန်းကနေ ဆယ်တန်းထိ အဲဒီကျောင်းမှာပဲ နေခဲ့တာပါ...
ကျောင်းက ရေနံချေးတွေသုတ်ထားတဲ့ နံရံမည်းမည်းနဲ့ အဆောင်တွေ။ နောက်ပိုင်းမှ ထပ်ချဲ့ထားလို အုတ်နဲ့ ဆောက်ထားတဲ့ အဆောင်တွေရော ရှိတယ်...
မှတ်မှတ်ရရ ကျောင်းရှေ့ကွင်းပင်ကြီး မှာ စိန်ပန်းပင်တွေလည်းရှိပါတယ်...
နွေရာသီကျောင်းပိတ်ရက်တွေမှာ ကျောင်းဝင်းထဲသွားလည်ရင် စိန်ပန်းနီနီတွေ ကျောင်းရှေ့ကွင်းပြင်မှာ ပြန့်ကျဲ့လို.......... အဲဒီအချိန်ဆို ဘာကိုလွမ်းမှန်းမသိလွမ်းနေတာပဲ...
သူငယ်ချင်းတွေကိုရော ကိုယ်တို့ကို ဆူတတ်တဲ့ ဆရာမတွေကိုရော လွမ်းနေတာပဲ...

ကျောင်းရဲ့ အလယ်လောက်မှာ ချောင်းတစ်ချောင်းဖြတ်စီးနေတယ်...
အဲဒီချောင်းကို ကျော်ဖို့ တံတား ၃ စင်း ကျောင်းထဲမှာရှိတယ်...
တစ်ခုက ၃ တန်း ၄ တန်း အဆောင်ကိုသွားတဲ့ တံတား၊ နောက်တစ်ခုက မုန့်ဆိုင်တွေဆီကို သွားတဲ့တံတား (ခုတော့ မုန်ဆိုင်တွေ နေရာရွှေ့သွားပြီဆိုတော့ အဲဒီတံတားက စိုက်ခင်းတွေဆီကို ပဲရောက်တော့တာ) နောက်ဆုံးတံတားကတော့ မိန်းကလေးအိမ်သာကို သွားတဲ့တံတားပါ...
အဲဒီတံတားတွေ အားလုံးပေါ်မှာ ကိုယ်တို့ ထိုင်ခဲ့ဖူးတယ်...
အောက်မှာရေလေးတွေက စီးလို............ ကြည်လို.... (အမှိုက်တွေ မပစ်ထားတဲ့ အချိန်ကိုပြောတာပါ)
ခံစားရတာ အရမ်းပျော်စရာကောင်းပါတယ်...

ငယ်ငယ်က စာထဲမှာ ကျက်ဖူးတာတော့ ကိုယ်တို့ကျောင်းက E ပုံစံလိုကျက်ဖူးပါတယ်...
အဲဒီမှာ ကိုယ်ဘ၀င်မကျတာက တကယ် E ပုံစံမဟုတ်တာကိုပါ...
E မှာက အချောင်း ၃ ချောင်း ရှိပြီး ကိုယ်တို့ကျောင်းက ၄ ချောင်းရှိနေတာကိုပါ...
ပထမဆုံးတစ်ခုက အပေါ်ထပ်မှာ (၁၀)တန်း အောက်ထပ်မှာ (၇) တန်း၊
ဒုတိယတစ်ခုက အပေါ်မှာ ကျောင်းခေါင်းလောင်း (ဘေးမှာအခန်းတစ်ခန်းရှိသေးတယ် အဲဒီအခန်းကို ကိုယ်သေချာမသိဘူး ဘာတွေရှိလဲ ဆိုတာ ဆရာမတွေနားတဲ့အခန်းလည်းမဟုတ်ဘူး စာသင်ခန်းလည်း မဟုတ်ဘူး ဘာလိုလဲဆိုတော့ ကိုယ်တို့ကျောင်းခေါင်းလောင်းက အသံအရမ်းကျယ်တော့ အဲဒီအခန်းကို ဘယ်သူမှမသုံးတာနေမှာ)
တတိယတစ်ခုကတော့ အောက်ထပ်မှာ ဆရာမတွေအခန်းနဲ့ အပေါ်မှာ ကျောင်းအုပ်ကြီးအခန်း၊
နောက်ဆုံးတစ်ခုက အောက်မှာ (၅)တန်းအခန်းနဲ့ အပေါ်က (၈) တန်း အခန်းလို့ ထင်တယ်...
အဲဒီလိုကို ဆရာမတွေက ဘာလိုများ E ပုံစံလို့ပြောခဲ့လဲဆိုတာ ကိုယ်စဉ်းစားလို့မရပါဘူး...
သူတို့ကျောင်းကို အပေါ်စီးကနေ မမြင်ဖူးလို့နေမှာ... အဲဒီတုန်းကလည်း Google earth တွေ ဘာတွေမှ မရှိသေးတာ... ဟိဟိ

ကိုယ်ပြောချင်တာက ကိုယ်တို့ပညာရေးကိုပါ။ ကျောင်းမှာ ဆရာမပြောသမျှကို ခေါင်းငြိမ့် အိမ်မှာ မိဘပြောသမျှကို လက်ခံ ဒီလိုနေတဲ့ကလေးမျိုးမှ တော်တယ် လိမ္မာတယ် ယဉ်ကျေးတယ်လို ယူဆထားတဲ့ကိစ္စကိုပါ။ ကိစ္စတစ်ခုကို မှန်တယ် မှားတယ် စဉ်းစားပြီး ဝေဖန်သုံးသပ်နေရင်တော့ အဲဒီကလေးကို လူကြီးတွေက သိပ်မကြည်ပါဘူး။ ကျောင်းမှဆိုရင်တော့ အဲဒီကျောင်းသားမလွယ်ဘူးပဲ။ ပညာစမ်းတယ် ဘာညာဖြစ်တာ...........

ကိုယ်တို့ငယ်ငယ်တုန်းကပေါ့။ ခုလူကြီးတွေကတော့ အဲဒီတုန်းကလောက်မဆိုးတော့ဘူးလို့ ထင်ပါတယ်။ ကိုယ်တို့ ပြင်သစ်စာသင်တဲ့ကျောင်းက စာကြည့်တိုက်မှူးပြောတဲ့ စကားတစ်ခုရှိပါတယ်။ "လူတွေ အသက်ကြီးလာတဲ့ကိစ္စက ဘာမှကြိုးစားစရာမလိုတဲ့ ကိစ္စ။ အဲဒီတော့ အသက်ကြီးတိုင်းလည်း မှန်ချင်မှ မှန်မယ်။ လူကြီးပြောသမျှကို အသက်ကြီးတယ်ဆိုတာ တစ်ခုတည်းနဲ့တော့ သူပြောသမျှကို လက်ခံစရာမလိုဘူး။ " တဲ့ .... ကိုယ်အဲဒီစကားကို အရမ်းသဘောကျတယ်။

အဲဒါထားပါ။ ကိုယ်တို့ကျောင်းအကြောင်း ရေးနေတာကို ပြန်သွားအုံးမယ်။ ထ (၁) မှာ ကိုယ် သူငယ်တန်းကနေ ဆယ်တန်းပြီးတဲ့အထိ နေခဲ့တာပါ။ အဲဒီကျောင်းမှာ သူငယ်ချင်းတွေနဲ့တွေ့တယ်။ ခင်မင်ကြတယ်။ သံယောဇဉ်တွေဖြစ်ကြတယ်.....
တစ်ချို့သူငယ်ချင်းတွေက ငယ်ငယ်လေးနဲ့ ဆုံးသွားတယ်။ တစ်ချို့က အိမ်ထောင်ကျပြီး စောစောစီးစီး ဘ၀လမ်းကြောင်းကို လျှောက်ကုန်တယ်။ တစ်ချို့က အတန်းကျခဲ့တယ်။ တစ်ချို့က ကျောင်းပြောင်းသွားတယ်။ တစ်ချို့က မြို့ပါပြောင်းသွားတယ်....
ကျန်ခဲ့တဲ့သူတွေက စာတော်တာ မတော်တာ ကိုလိုက်ပြီး အခန်းတွေကွဲကုန်တယ်။ တစ်ဖြည်းဖြည်းကြီးလာတော့ စရိုက်တူတဲ့ အုပ်စုလေးတွေဖြစ်လာတယ်...


ဆယ်တန်းဖြေပြီးစ ဖြစ်မယ်ထင်ပါတယ်.... သူငယ်ချင်းတွေ ဆရာမတွေနဲ့ အမှတ်တရပါ...

ဒီလိုနဲ့ ကိုယ်နဲ့စရိုက်တူတဲ့ သူငယ်ချင်း ၃ယောက်တော့ ခုထိ ကိုယ်ဆီမှာ ရှိသေးတယ်။ တစ်ယောက်က အိမ်ထောင်ကျသွားပြီ။ ခုသားလေးတစ်ယောက်နဲ့ အရမ်းလည်တဲ့ကောင်လေးပေါ့။ သူနဲ့ကိုယ်နဲ့က သူငယ်တန်းကတည်းက တစ်ခန်းတည်း နောက် ၄ တန်း၊ ၆တန်း၊ ရ တန်း၊ ၈ တန်း၊ ၁၀ တန်း မှာ တစ်ခန်းတည်းနေခဲ့တာ။ သူက ဆရာမသမီးဆိုတော့ ကျောင်းမှာဆို ဆရာ၊ဆရာမတွေက သိပ်ဂရုစိုက်တာ။ ကိုယ်နဲ့ အကြာဆုံး တွဲခဲ့တဲ့ သူပေါ့။ နောက်တစ်ယောက်က ခု တောင်ကြီးမှာပဲ။ သူမှာ အကို တစ်ယောက် နဲ့ မောင်လေး ၂ ယောက်ဆိုတော့ ယောကျာင်္းနည်းနည်းဆန်တယ်။ ကိုယ်လိုပဲ။ သူနဲ့ က ၈ တန်းမှာ ကျူရှင်တူတူတက်ပြီး အခန်းလည်းတူတယ်။ ဆယ်တန်းမှာ ကျုရှင်တူတူတတ်တော့ ပိုခင်လာတယ်။ နောက် ကွန်ပျူတာတတ်တော့လည်းတူတူ မန္တလေးမှာ ကျောင်းသွားတတ်တော့လည်း တူတူဆိုတော့ အရမ်းချစ်တာ သူကို။ တတိယတစ်ယောက်က State ကျောင်းမှာတုန်းက သိပ်မတွဲဖြစ်ပဲ ရန်ကုန်မှာ UFL တတ်တော့မှ တွဲမိပြီ ခင်သွားတာ။ ခုတော့ သူက ဒူဘိုင်းကိုသွားလိုက်ပြီ...

ကိုယ်ကျောင်းစတတ်ကတည်းက ဆယ်တန်းအထိ ကျောင်းအုပ်ကြီးက ဦးတင်သိန်းပါ...
ဆရာကြီးက အရပ်အမြင့်ကြီးနဲ့ သူလာရင် အဝေးကြီးအတည်းက မြင်နေရတယ်။ (ကြိုရှောင်လို အရမ်းအဆင်ပြေပါတယ်။) သူက အရပ်ရှည်သလို ရုပ်လည်းဖြောင့်ပါတယ်။ အရမ်းခံညားတဲ့သူပေါ့...
မှတ်မှတ်ရရ ကိုယ်တို့ကျောင်းမှာ ဆရာ ၄ ယောက်ပဲရှိပါတယ်။ ကိုယ်တို့ငယ်ငယ်က ယောကျာင်္းလျှာ ဆရာတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူမှာ မိန်းမရှိတယ်ဆိုလို ငယ်ငယ်က အရမ်းကို အံ့သြခဲ့ရတာ။ သူနဲ့တော့ စာမသင်ခဲ့ရပါဘူး။ သူကျောင်းပြောင်းသွားတာလား ဆုံးသွားတာလားဆိုတာတော့ မမှတ်မိတော့ပါဘူး။

ကိုယ်တို့ကျောင်းမှာ ကိုယ်ဖေဖေရော သူတို့မောင်နှမတွေ အားလုံးတတ်ခဲ့တာတဲ့။ ကိုယ်ဆယ်တန်းရောက်တဲ့ အချိန်ထိ ကိုယ်ဖေဖေရဲ့ ဆရာမတွေနဲ့ စာသင်ခဲ့ရပါတယ်။ ခုချိန်ထိတောင် သူတို့ကျောင်းမှာရှိနေသေးတယ်။ ဆယ်တန်းအောင်ပြီး တခြားဘယ်ကျောင်း တတ်တတ် ထ(၁) မှာလောက် မပျော်ခဲ့ဘူး။ အဲဒီကျောင်းမှာပဲ ကျောင်းတတ်ပြီး ဆယ်တန်းအောင်ခဲ့တော့ အရာရာဟာ ကိုယ်နဲ့တစ်သားတည်း ဖြစ်နေခဲ့တာ။ တစ်ခါတစ်ခါ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်သွားတာကို နှမြောမိတယ်။ မဟုတ်ရင် ကျောင်းမှာ ဒီထက်ပိုကြာကြာနေခဲ့ရအုံးမှာ လိုတွေးမိတယ်...

မှတ်မှတ်ရရ ကိုယ်တို့ကျောင်းမှာ တနင်္လာနေ့တိုင်း Assembly ရှိတယ်။ ၅တန်းက စပြီး ကျောင်းသားတိုင်း မပျက်မကွက်တတ်ရတယ်။ ဆရာကြီးက မိန့်ခွန်းတွေပြော ကိုယ်တို့က ဟိုငေးဒီငေးလုပ်ပေါ့။ တစ်ခါတစ်ခါတော့ သူပြောတာကို ကောင်းကောင်းနားထောင်ကြပါတယ်။ သူပြောတာကတော့ စာကြိုးစားဖို့ လိမ္မာဖို့ ယဉ်ကျေးဖို့ ပါပဲ။ တစ်ခါတစ်ခါတော့ ကျောင်းကနေ ဂုဏ်ယူစရာ ကျောင်းသားတွေ ဖြစ်အောင်နေဖို့လည်းပါတတ်ရဲ့။ ခုချိန်ထိတော့ ကိုယ်ကြောင့် ကျောင်းမှဘာဂုဏ်ယူစရာမှ မရှိသေးပါဘူး။ ဘယ်တော့ရှိလာ မှာလဲ ဆိုတာလည်း ကိုယ်မသိပါဘူး။ ရှိချင်မှလည်း ရှိလာမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ထ (၁) ကျောင်းသားဆိုတာကို အမြဲတမ်း ဂုဏ်ယူပြီးတော့ ပြောနေမှာပါ။

ဒီစာပိုဒ်လေးကို တခြားတခြားသော ထ(၁) ကျောင်းကမောင်နှမတွေလည်း ဖတ်မိစေချင်ပါတယ်။

3 comments:

Unknown said...

I like this one.
It can remind my B.E.H.S(1) student age.
:)

Anonymous said...

ဒီ post ကို နောက်ကျမှ ဖတ်မိသွားတယ်..
တို့လဲ ထ-၁ ဆိုတဲ့ ကျောင်းတော်ကြီးရယ်၊ ဆရာ၊ဆရာမတွေ၊ ဆိုးတူကောင်းဘက် တွဲခဲ့ကြတဲ့ သူငယ်ချင်းတွေကို တမ်းတလွမ်းနေမိတယ်. ပြန်မရနိုင်တော့တဲ့ အေးချမ်းပျော်ရွှင်မှုလေးတွေပေါ့.
thanks sweet

sweet-sweet said...

ရပါတယ် star ရာ..
ကျေးဇူးတင်စရာမလိုပါဘူး...
ကိုယ်လည်း ကိုယ့်ရင်ထဲမှာရှိတာလေးတွေ ရေးထားတာပါ...
တ-၁ နဲ့ ပတ်သက်ပြီးရေးရရင် အများကြီးကျန်သေးတယ်...
နောက်မှ ဆက်ရေးထားမယ်နော်...