မနေ့က မျက်ကြည်လွှာကိစ္စနဲ့ ခွင့်တိုင်တယ်... ဘောစ့်က နားမလည်ဘူး ဘယ်လိုလှူမှာလဲ. မင်းရဲ့မျက်လုံးကို သူတို့ ယူထားလိုက်ကြမှာလား တဲ့
ဒါနဲ့ ကိုယ်က သေပြီးမှ သူတို့လာယူကြမှာပါလို့ ရှင်းပြလိုက်တယ်..
ကောင်းတယ်တဲ့ သူက ကိုယ့်ကို ချီးကျူးတယ်...
အဲဒီမှာ သူရုံးခန်းထဲရောက်နေတဲ့ ဧည့်သည်က တစ်စခန်းထရော...
အဲဒါမကောင်းဘူး.. Godက သူကိုယ်တိုင် ဘယ်သူကို ဘာပေးမယ်ဆိုတာ ရွေးချယ်ပြီးသား..
ဘယ်သူကို မျက်လုံး၊ ဘယ်သူကို လက်၊ ဘယ်သူကို ခြေထောက် ပေးမယ်လို့ သူဆုံးဖြတ်ထားတာ...
ဒါကို ငါတို့တွေက ဒီလို လုပ်လိုက်ရင် သူ့ကိုလွန်ဆန်ရာကျမယ် တဲ့
အဲဒီမှာ ကိုယ့်ဘောစ့်က ကိုယ်အသုံးမလိုတော့တာပဲ... သူများကို အလင်းရောင်ပေးနိုင်တာ ကောင်းတယ်လို့ပြန်ပြောပြန်တယ်...
ကိုယ်လည်းဆက်နားထောင်နေရင် မကောင်းတော့လို ပြန်ထွက်လာခဲ့တယ်...
ရုံးခန်းထဲမှာ သူတို့နှစ်ယောက် အငြင်းပွားပြီး ကျန်ခဲ့ရော.. ဟားဟား...
ရီတော့ ရီရတယ်...
ဒါပေမယ့် သူတို့နှစ်ယောက်မှာ ဘယ်သူမှားပြီး ဘယ်သူမှန်တယ်ဆိုတာ ကိုယ်မဆုံးဖြတ်တတ်ဘူး..
ကိုယ်ကတော့ ကိုယ်ဆရာတွေးသလိုပဲ တွေးပြီး ဒီကိစ္စကို စလုပ်တာပါ...
သူငယ်ချင်းတော်တော်များများလည်း ကိုယ့်လိုပဲတွေးကြပါတယ်..
ဧည့်သည်တွေးသလို ဘယ်သူမှမတွေးကြဘူး....
သူစကားတွေ နားထောင်ပြီး တွေးစရာတစ်ခုတော့ ရလိုက်ပါတယ်...
ကိုယ်က ကိုယ့်အစီအစဉ်အတိုင်းပဲ လုပ်မှာပါ...
Thursday, January 29, 2009
Wednesday, January 28, 2009
မျက်ကြည်လွှာ
၅.၂.၂၀၀၉ မှာ ကိုယ်ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့...
ကိုယ့်မျက်ကြည်လွှာလှူဖို့ စဉ်းစားထားတယ်...
အဲဒါနဲ့ ဒီနေ့ မျက်စိဘဏ် (International Eye Bank) ဖုန်းနံပါတ်ကို Yellow Pages မှာရှာ.. ဖုန်းဆက်လိုက်တယ်...
ဘာတွေလိုလဲပေါ့... လိုတာတွေက နာမည်၊ မှတ်ပုံတင်နံပါတ် နဲ့ လိပ်စာပဲတဲ့...
အစိုးရရုံးပိတ်ရက်တွေမှာ ပိတ်ပြီး ၁၀ နာရီကနေ ၂း၃၀ လောက်အထိ သွားလို့ရတယ်တဲ့...
အဲဒီနေ့ကို ခွင့်ယူထားတယ်... သူငယ်ချင်းတွေလည်း ခေါ်သွားမယ်... သူတို့ဆီက မွေးနေ့လက်ဆောင် မျက်ကြည်လွှာတောင်းမလို့...(အသည်းယားစရာကြီးနော်)
တစ်ယောက်ကတော့ အေးဆေးပါတဲ့.. သူတို့က သေပြီးမှယူမှာမလား... တစ်ကိုယ်လုံးတောင် လှူလိုက်အုံးမယ်တဲ့..
ကောင်းလိုက်တဲ့သတ္တိ.. ဟိဟိ...
တစ်ဝက်လောက် သာဓုခေါ်ပေးထားကြပါ...
တစ်ကယ်နေ့ကျမှ အပြည့်ခေါ်ပေးပေါ့...

နှင်းတွေ...
ဒီမနက် ရန်ကုန်မှာ နှင်းတွေ ဝေနေတယ်...
ဆောင်းရာသီရဲ့ သင်္ကေတတစ်ခုပေါ့...
ကောင်လေး ကောင်မလေးတွေက အနွေးထည်ကိုယ်စီနဲ့...
ကိုယ်တို့ တောင်ပေါ်မြို့လေးကို လွမ်းမိတယ်... တောင်ပေါ်မှာဆို ဒီအချိန် အရမ်းအေးနေမှာပဲ... ချစ်စရာကောင်းတဲ့ နှင်းဖြူဖြူလေးတွေ ဆိုင်းနေရင် ကိုယ့်တို့ရဲ့တောင်တန်းကြီးက သိပ်ကိုချစ်စရာကောင်းတာ...
ပြီးရင် အဲဒီမှာ ပန်းရောင်ချယ်ရီပန်းတွေ ရှိတယ်...
ဒီမှာတော့ ချယ်ရီတွေမရှိဘူး... ရောင်စုံ ကောင်မလေးတွေပဲရှိတယ်...
ငယ်တုန်းက ကျောင်းသွားတဲ့ မနက်တွေရဲ့ နှင်းဖြူဖြူလေးတွေ...
ကျောင်းဝတ်စုံလေးတွေကို လွမ်းတယ်...
ဒီအချိန်ဆို နှင်းတွေကြားထဲ လမ်းလျှောက်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ...
ဒါမှမဟုတ် ဆိုင်ကယ်စီးချင်စီးပေါ့.. နည်းနည်းတော့ ချမ်းမယ်... ဒါပေမယ့် ပျော်စရာကောင်းတယ်..
ခုတော့...
အလုပ်သွားဖို့ပြင်ဆင်ရတာနဲ့ နှင်းတွေကို ကိုယ်အချိန်ပေးပြီး မခံစားရတော့ဘူး...
နှမြောလိုက်တာ... နှင်းကျတဲ့အချိန်တွေကို ဒီအတိုင်း ကုန်ဆုံးခံလိုက်ရတာ...
နောက်တစ်ခါ ဘယ်အချိန်မှ အဲဒီနှင်းတွေကို ကိုယ်ပြန်မြင်ရမှာလဲ... ကိုယ်မသိနိုင်ဘူး...
တစ်ချိန်ကျရင်တော့... တောင်ပေါ်ပြန်မယ်...
နှင်းတွေကြားထဲပြန်နေမယ်...

Friday, January 23, 2009
ကျေးဇူးတင်လွှာ
ဒီဘလော့ကို ဝိုင်းပြီး ပြင်ပေးတဲ့
ကိုယ့်ရဲ့ ညီအစ်မလို ချစ်ရတဲ့ သူငယ်ချင်း ၂ ယောက်ကို ကျေးဇူးတင်ပါတယ်....
သူငယ်ချင်းလို ခင်လို့သာ သူငယ်ချင်းလို့ ပြောတာပါ... ဒါပေမယ့် ၂ ယောက်လုံး ကိုယ်ထက်ကြီးပါတယ်...
နောက်ပြီး သူတို့ နှစ်ယောက်လုံးက ကွန်ပျူတာပညာရှင်တွေပါ... ဒါမှ နောက်ကျရင်လည်း ကူညီကြအောင်...
တစ်ယောက်က ဆွိဘလော့မှာ မြန်မာ fond error ဖြစ်နေတာကို... Zawgyi နဲ့ပြောင်းပေးပြီး လူတိုင်းဖတ်လို့ရအောင် လုပ်ပေးထားတာပါ...
သူလည်း တစ်နေကုန်သွားပုံရပါတယ်...
သူက အခု ခြင်္သေကျွန်းမှာနေပါတယ်...
နောက်တစ်ယောက်က မနေ့က ကိုယ်ကို (ဆွိ.. ဘလော့မှာ Cbox ထည့်ပါလား) ဆိုပြီးအကြံလာပေးပါတယ်...
ကိုယ်က စာတွေရေးချင်လို့သာ ဘလော့ရေးတာ... ဘာမှသိတာမဟုတ်ဘူး...
Cbox ဘယ်လိုထည့်လည်းဆိုတာ တတ်ဘူးလို့...
သူကိုလုပ်ပေးပါလားလို့ ပြန်ခိုင်းလိုက်တယ်...
အဲ သူလည်း မနေ့က တစ်နေကုန်သွားတယ်တဲ့... တော်သေးတယ် အွန်လိုင်းကို ပိုက်ပိုက်ပေးပြီး မတတ်ရလို့...
အိမ်လည်းပြန်ရောက်ရော... မောလို့တဲ့... သူနဲ့ကိုယ်ကတူတူနေတာပါ...
ခုတော့ သူတို့ကျေးဇူးနဲ့ ကိုယ်ဘလော့ကို လူတိုင်းဖတ်လို့ရပြီး Cbox မှာ အော်ချင်တာတွေလည်း အော်ခဲ့လို့ရပြီ...
ပီနန်းဆ၀်လုံ ၂ယောက်လုံးကို ကျေးဇူးအကြီးကြီးတင်ပါတယ်...

Thursday, January 8, 2009
ဖေဖေ့ရဲ့ ငါးရှဥ့်ဆေးခါး
လူတိုင်းမှာ အကောင်းဆုံး လက်ရာဟင်းတစ်ခုတော့ ရှိတတ်ပါတယ်... ချက်နေကျလူဖြစ်ဖြစ်၊ ချက်နေမကျတဲ့ လူဖြစ်ဖြစ်ပေါ့...
လုံးဝမချက်တတ်ဘူးဆိုတဲ့သူတော့ ရှားမယ်ထင်ပါတယ်...
ကိုယ့်မေမေက ကြက်ကြော်ရင် သိပ်စားလို့ကောင်းပါတယ်... တခြားဟင်းတွေလည်း ကောင်းပါတယ်...
ကြက်ကြော်ကတော့ အကောင်းဆုံးပေါ့... သူကြက်ကြော်ထက် သူလုပ်တဲ့အချဉ်ရည်ကြောင့် ပိုစားမြိန်တာပါ...
(နောက်ကြုံတော့ အိမ်မှာထမင်းဝင်စားတဲ့အခါ ကြော်ခိုင်းပေါ့) ...
အိမ်မှာ မေမေကပဲ ဒိုင်ခံ ထမင်းဟင်းချက်တတ်တာကြောင့် ဟင်းတွေက ထပ်ထပ်လာပြီး ငြီးငွေ့တဲ့အခါဖြစ်ဖြစ်...
ဖေဖေက သူစိတ်ကူးပေါက်ရင်ပဲဖြစ်ဖြစ် ... ကိုယ်တိုင်ဝင်ချက်တတ်ပါတယ်... (ရှားတော့ရှားတယ်)...
အဲဒီဟင်းတွေထဲမှာ ကိုယ်တို့အကြိုက်ဆုံးက ငါးရှဥ့်ဆေးခါးပါ... ငယ်ငယ်ကတော့ ဘယ်လိုလုပ်လဲဆိုတာ ကြည့်မထားပါဘူး...
ငါးရှဥ့်ကို ကိုင်နေတဲ့အချိန်ကတည်းက ကြောက်လွန်းလို့... ဝေးဝေးမှာပဲနေပြီး စားတဲ့အချိန်လောက်မှ ပြေးပြေးစားတာပါ...
ကြီးလာတော့ အကြောက်တရားတွေပဲ မရှိတော့တာလား... ဒါမှမဟုတ် ငါးရှဥ့်မသေမရှင်ကို မမြင်ရတော့တာကြောင့်လည်း ပါမယ်ထင်ပါတယ်...
ငယ်တုန်းကတော့ ဈေးကနေဝယ်လာပြီး ငါးကိုင်ရင် ငါးရှဥ့်ဆိုတဲ့ အကောင်က အသက်ပြင်းလွန်းတာကြောင့် သူကို ဘာလုပ်လုပ် လှုပ်လှုပ်နေတတ်ပါတယ်...
ခုတော့ နည်းပညာတွေ စက်မှုပညာတွေလည်း ထွန်းကားလာတော့ ငါးရှဥ့်မသေမရှင်ကို ကိုင်စရာမလိုတော့ပါဘူး... နည်းပညာတွေဘာတွေ လျှောက်ရေးနေလို့ ဘယ်လိုများ သတ်လိုက်လဲလို့...
အံ့သြမနေပါနဲ့အုံး... ရိုးရိုးလေးပါ... ဈေးကနေဝယ်လာတယ်... ပြီးတော့ ဘာမှမလုပ်သေးပဲ ရေခဲသေတ္တာအပေါ်ဆုံးထပ်မှာ ထည့်ထားလိုက်တာပါ...အသက်ပြင်းတဲ့ ငါးရှဥ့်လည်း ခဲပြီးမလှုပ်နှိုင်တော့ဘူးပေါ့...
အဲဒီတော့မှ ပြာနဲ့ငါးရှဥ့်ကိုယ်ပေါ်က အချွဲတွေကို စင်နေအောင် ပွတ်လိုက်ရပါတယ်... စိတ်တော့ရှည်ရတယ်... ကိုယ်ပေါ်က အချွဲတွေက သိပ်ကို ညှီတာကြောင့် အရမ်းကို စင်ဖို့လိုပါတယ်...
အဲဒီလို ဆေးပြီးရင်တော့ ဗိုက်ကို ခွဲပြီး သွေးတွေကို ဆေးချလိုက်ရပါတယ် ... ငါးရှဥ့်မှာညှီတဲ့ နောက်တစ်မျိုးက အဲဒီသွေးတွေပါပဲ...
တချို့ကတော့ အဲဒီသွေးတွေကို အားရှိတယ် ဆိုပြီး ဝီစကီနဲ့ သောက်တတ်ကြတယ်လို့ ကြားဖူးပါတယ်... စမ်းတော့မစမ်းဖူးပါဘူး...
ငါးရှဥ့်ဗိုက်ကို ဘယ်လိုခွဲလဲဆိုတော့...လည်ပင်းနာကို ဓါးနဲ့ ကန့်လန့်ဖြတ်လှီးလိုက်ရပါတယ်... ပြီးမှ အဲဒီအပေါက်ထဲကို ဓါးအချွှန်ရှည်ရှည်လေး (ကိုယ်တို့အိမ်မှာတော့ သစ်သီးထွင်းတဲ့ ဓါးကိုသုံးပါတယ် ထက်လည်းထက်ရှည်လည်းရှည်တော့ လို့ပါ)နဲ အရှည်လိုက် ထိုးသွင်းပြီး ဆွဲချလိုက်ရုံပါပဲ...
ဗိုက်ထဲက တွေ့သမျှကို ဆွဲထုတ်ပြီး ရေနဲ့ဆေးချလိုက်ပါ...
ပြီးရင် အဲဒီငါးတွေကို ပြုတ်လိုက်ပါ... အရမ်းနှုးမသွားခင်မှာ ရေထဲက ဆယ်ထားပြီး အေးရင် အရိုးထွင်ယုံပါပဲ... အရိုးထွင်တာ သိပ်ကိုလွယ်ပါတယ်.. ငါးရှဥ့်က ကျောရိုးတစ်ချောင်းပဲ ရှိလို့ပါ...
သိပ်ကျက်သွားရင်တော့ အရိုးတွေ တစ်စစီဖြစ်သွားတတ်ပြီး အရိုးနွှင်ဖို့ သိပ်ခက်သွားတတ်တာပါ... အဲဒါကြောင့် သိပ်မကျက်ခင်မှာ အရိုးနွှင်ဖို့ အရေးကြီးပါတယ်...
အရိုးနွှင်ပြီးရင် အဲဒီအရိုးတွေချည်းပဲ တစ်ခါထပ်ပြုတ်ရပါတယ်... အရိုးထဲက အချိုရည်တွေ ရဖို့ပါ... နောက် အရိုးပြုတ်ရည်နဲ့ ခုနက ငါးပြုတ်ထားတဲ့အရည်ကို ရောပြီး ငါးအသား၊ အညှီပျောက်စေတဲ့ ကြက်သွန်ဖြူ၊ ဂျင်း၊ မိတ်သလင် စတာတွေနဲ့ ရောပြီး တည်ထားရပါတယ်...
အဲဒါဆူလာရင် ဆန်ကို လှော်၊ အမှုန့်ထောင်းထားတဲ့ ဆန်မှုန့်ကို ထည့်ပြီးမွှေပေးရပါတယ်...
ဆား၊ အချိုမှုန့်တွေ ထည့်လိုက်ရင် အရသာရှိတဲ့ ငါးရှဥ့်ဆန်လှော်ဆေးခါးကို ရပါပြီ... ငါးရှဥ့်က နဂိုက ချိုပြီးသားမို့ အချိုမှုန့် သိပ်သုံးစရာမလိုပါဘူး... ဆေးခါးမှုန့်ကတော့ ကြိုက်တဲ့သူက ထည့်တယ် .. မကြိုက်လို့ ဒီတိုင်းစားလည်း စားကောင်းပါတယ်...
ကိုယ်မောင်လေးဆို ထမင်းမစားပဲ.. ငါးရှဥ့်ဆေးခါးပဲ သောက်ချင်သောက်တတ်တယ်....
တစ်ယောက်တည်းနေရင်း အိမ်ထမင်းဟင်းကို လွမ်းလို့ ... ဒီ post လေးကို ရေးမိတာပါ... စားလည်းစားချင်နေပါတယ်... အဲလောက်တောင်ရေးထားမှတော့ ကိုယ်တိုင်လည်းချက်စားလည်းရပြီပေါ့လို့ ပြောစရာရှိပါတယ်...
ဒါပေမယ့် အဲဒီငါးရှဥ့်တွေကို ခဲနေအောင်ထည့်ထားစရာ ရေခဲသေတ္တာမရှိတော့ ချက်လို့ မရပါဘူး.. အဲဒါကြောင့် အလွမ်းပြေလေးပဲ ရေးလိုက်တာပါ..
ရေးရင်းနဲ့တောင် အနံ့လေး ရလာသလိုပဲ...

Monday, January 5, 2009
စာအုပ်ရောင်းပွဲ
မနေ့က လွတ်လပ်ရေးနေ့...
ကန်တော်ကြီးမှာ စာအုပ်ဈေးပွဲတော်ရှိတယ်ဆိုလို သွားဖြစ်ပါတယ်... ပွဲက ၃၁-၁၂-၂၀၀၈ ကနေ ၄-၁-၂၀၀၉ ထိပါ...
အဟောင်းဆိုင်တွေကတော့ ဈေးကြီးပါတယ်.. ရှားပါးစာအုပ်တွေမို့လို ထင်ရဲ့...
စာအုပ်တိုက်တွေက လာဖွင့်တဲ့ဆိုင်တွေက တော်တော်လေး ဈေးလျှော့ရောင်းတယ်...
ကိုယ်လည်း စာအုပ်တွေ ၇အုပ် ၈အုပ် လောက်ဝယ်ဖြစ်တယ်...
ဓါတ်ပုံရိုက်ပြီး တင်ချင်ပါတယ်.. ဒါပေမယ့် ကင်မရာကို သူငယ်ချင်းတစ်ယောက် ငှားသွားတာနဲ့..
ပြီးတော့ blog မှာ ဓါတ်ပုံဘယ်လိုတင်ရမလဲ ကိုယ်မသိပါဘူး... :P
လွတ်လပ်ရေးနေ့မို့လို လူစည်ပါတယ်.. ဒါပေမယ့် စာအုပ်ဆိုင်တွေမှာတော့ မဟုတ်ဘူး...
လူတွေဘာလိုများ စာအုပ်ကို စိတ်မ၀င်စားတာပါလိမ့်လို တွေးမိတယ်... ကိုယ်တို့ ၃ ယောက်ကတော့ စာအုပ်တန်းတွေ ကြည့်ပြီး ၀ယ်ပြီး တာနဲ့ တန်းပြန်လာပါတယ်...
အစက စာအုပ်ဝယ်ပြီး အေးအေးဆေးဆေးထိုင်ဖတ်မယ် စိတ်ကူးပေမယ့် လူတွေများလို ဒီတိုင်းပဲပြန်လာတာပါ...

Thursday, January 1, 2009
အပြန်လမ်း
ဒီလိုနဲ့...
တောင်တန်းကြီးပေါ်မှာ...
ချယ်ရီတွေ ဝေပွင့်ရင်း...
မြူခိုးတွေ ဝေဆိုင်ရင်း...
ရွက်တွေ ဝေရင်း ကြွေရင်း...
အတ္တကြီးပြီး
အောင်မြင်မှုကို တတ်မက်တဲ့ ငါ...
အဲဒီမြို့ရဲ့ အဝေးမှာနေရင်း..
အခါခါလဲကျရင်း...
ပြန်ထရင်း...
တစ်ခါတစ်ခါ တောင်ပေါ်ကို လွမ်းလို့
မျက်ရည်တွေကျရင်း...
ဟန်ဆောင်ပြုံး မထီတရီပြုံး မချိပြုံးတွေ ကြားမှာ
နေသားတကျနေထိုင်ရင်း...

Subscribe to:
Posts (Atom)