လူတိုင်းမှာ အကောင်းဆုံး လက်ရာဟင်းတစ်ခုတော့ ရှိတတ်ပါတယ်... ချက်နေကျလူဖြစ်ဖြစ်၊ ချက်နေမကျတဲ့ လူဖြစ်ဖြစ်ပေါ့...
လုံးဝမချက်တတ်ဘူးဆိုတဲ့သူတော့ ရှားမယ်ထင်ပါတယ်...
ကိုယ့်မေမေက ကြက်ကြော်ရင် သိပ်စားလို့ကောင်းပါတယ်... တခြားဟင်းတွေလည်း ကောင်းပါတယ်...
ကြက်ကြော်ကတော့ အကောင်းဆုံးပေါ့... သူကြက်ကြော်ထက် သူလုပ်တဲ့အချဉ်ရည်ကြောင့် ပိုစားမြိန်တာပါ...
(နောက်ကြုံတော့ အိမ်မှာထမင်းဝင်စားတဲ့အခါ ကြော်ခိုင်းပေါ့) ...
အိမ်မှာ မေမေကပဲ ဒိုင်ခံ ထမင်းဟင်းချက်တတ်တာကြောင့် ဟင်းတွေက ထပ်ထပ်လာပြီး ငြီးငွေ့တဲ့အခါဖြစ်ဖြစ်...
ဖေဖေက သူစိတ်ကူးပေါက်ရင်ပဲဖြစ်ဖြစ် ... ကိုယ်တိုင်ဝင်ချက်တတ်ပါတယ်... (ရှားတော့ရှားတယ်)...
အဲဒီဟင်းတွေထဲမှာ ကိုယ်တို့အကြိုက်ဆုံးက ငါးရှဥ့်ဆေးခါးပါ... ငယ်ငယ်ကတော့ ဘယ်လိုလုပ်လဲဆိုတာ ကြည့်မထားပါဘူး...
ငါးရှဥ့်ကို ကိုင်နေတဲ့အချိန်ကတည်းက ကြောက်လွန်းလို့... ဝေးဝေးမှာပဲနေပြီး စားတဲ့အချိန်လောက်မှ ပြေးပြေးစားတာပါ...
ကြီးလာတော့ အကြောက်တရားတွေပဲ မရှိတော့တာလား... ဒါမှမဟုတ် ငါးရှဥ့်မသေမရှင်ကို မမြင်ရတော့တာကြောင့်လည်း ပါမယ်ထင်ပါတယ်...
ငယ်တုန်းကတော့ ဈေးကနေဝယ်လာပြီး ငါးကိုင်ရင် ငါးရှဥ့်ဆိုတဲ့ အကောင်က အသက်ပြင်းလွန်းတာကြောင့် သူကို ဘာလုပ်လုပ် လှုပ်လှုပ်နေတတ်ပါတယ်...
ခုတော့ နည်းပညာတွေ စက်မှုပညာတွေလည်း ထွန်းကားလာတော့ ငါးရှဥ့်မသေမရှင်ကို ကိုင်စရာမလိုတော့ပါဘူး... နည်းပညာတွေဘာတွေ လျှောက်ရေးနေလို့ ဘယ်လိုများ သတ်လိုက်လဲလို့...
အံ့သြမနေပါနဲ့အုံး... ရိုးရိုးလေးပါ... ဈေးကနေဝယ်လာတယ်... ပြီးတော့ ဘာမှမလုပ်သေးပဲ ရေခဲသေတ္တာအပေါ်ဆုံးထပ်မှာ ထည့်ထားလိုက်တာပါ...အသက်ပြင်းတဲ့ ငါးရှဥ့်လည်း ခဲပြီးမလှုပ်နှိုင်တော့ဘူးပေါ့...
အဲဒီတော့မှ ပြာနဲ့ငါးရှဥ့်ကိုယ်ပေါ်က အချွဲတွေကို စင်နေအောင် ပွတ်လိုက်ရပါတယ်... စိတ်တော့ရှည်ရတယ်... ကိုယ်ပေါ်က အချွဲတွေက သိပ်ကို ညှီတာကြောင့် အရမ်းကို စင်ဖို့လိုပါတယ်...
အဲဒီလို ဆေးပြီးရင်တော့ ဗိုက်ကို ခွဲပြီး သွေးတွေကို ဆေးချလိုက်ရပါတယ် ... ငါးရှဥ့်မှာညှီတဲ့ နောက်တစ်မျိုးက အဲဒီသွေးတွေပါပဲ...
တချို့ကတော့ အဲဒီသွေးတွေကို အားရှိတယ် ဆိုပြီး ဝီစကီနဲ့ သောက်တတ်ကြတယ်လို့ ကြားဖူးပါတယ်... စမ်းတော့မစမ်းဖူးပါဘူး...
ငါးရှဥ့်ဗိုက်ကို ဘယ်လိုခွဲလဲဆိုတော့...လည်ပင်းနာကို ဓါးနဲ့ ကန့်လန့်ဖြတ်လှီးလိုက်ရပါတယ်... ပြီးမှ အဲဒီအပေါက်ထဲကို ဓါးအချွှန်ရှည်ရှည်လေး (ကိုယ်တို့အိမ်မှာတော့ သစ်သီးထွင်းတဲ့ ဓါးကိုသုံးပါတယ် ထက်လည်းထက်ရှည်လည်းရှည်တော့ လို့ပါ)နဲ အရှည်လိုက် ထိုးသွင်းပြီး ဆွဲချလိုက်ရုံပါပဲ...
ဗိုက်ထဲက တွေ့သမျှကို ဆွဲထုတ်ပြီး ရေနဲ့ဆေးချလိုက်ပါ...
ပြီးရင် အဲဒီငါးတွေကို ပြုတ်လိုက်ပါ... အရမ်းနှုးမသွားခင်မှာ ရေထဲက ဆယ်ထားပြီး အေးရင် အရိုးထွင်ယုံပါပဲ... အရိုးထွင်တာ သိပ်ကိုလွယ်ပါတယ်.. ငါးရှဥ့်က ကျောရိုးတစ်ချောင်းပဲ ရှိလို့ပါ...
သိပ်ကျက်သွားရင်တော့ အရိုးတွေ တစ်စစီဖြစ်သွားတတ်ပြီး အရိုးနွှင်ဖို့ သိပ်ခက်သွားတတ်တာပါ... အဲဒါကြောင့် သိပ်မကျက်ခင်မှာ အရိုးနွှင်ဖို့ အရေးကြီးပါတယ်...
အရိုးနွှင်ပြီးရင် အဲဒီအရိုးတွေချည်းပဲ တစ်ခါထပ်ပြုတ်ရပါတယ်... အရိုးထဲက အချိုရည်တွေ ရဖို့ပါ... နောက် အရိုးပြုတ်ရည်နဲ့ ခုနက ငါးပြုတ်ထားတဲ့အရည်ကို ရောပြီး ငါးအသား၊ အညှီပျောက်စေတဲ့ ကြက်သွန်ဖြူ၊ ဂျင်း၊ မိတ်သလင် စတာတွေနဲ့ ရောပြီး တည်ထားရပါတယ်...
အဲဒါဆူလာရင် ဆန်ကို လှော်၊ အမှုန့်ထောင်းထားတဲ့ ဆန်မှုန့်ကို ထည့်ပြီးမွှေပေးရပါတယ်...
ဆား၊ အချိုမှုန့်တွေ ထည့်လိုက်ရင် အရသာရှိတဲ့ ငါးရှဥ့်ဆန်လှော်ဆေးခါးကို ရပါပြီ... ငါးရှဥ့်က နဂိုက ချိုပြီးသားမို့ အချိုမှုန့် သိပ်သုံးစရာမလိုပါဘူး... ဆေးခါးမှုန့်ကတော့ ကြိုက်တဲ့သူက ထည့်တယ် .. မကြိုက်လို့ ဒီတိုင်းစားလည်း စားကောင်းပါတယ်...
ကိုယ်မောင်လေးဆို ထမင်းမစားပဲ.. ငါးရှဥ့်ဆေးခါးပဲ သောက်ချင်သောက်တတ်တယ်....
တစ်ယောက်တည်းနေရင်း အိမ်ထမင်းဟင်းကို လွမ်းလို့ ... ဒီ post လေးကို ရေးမိတာပါ... စားလည်းစားချင်နေပါတယ်... အဲလောက်တောင်ရေးထားမှတော့ ကိုယ်တိုင်လည်းချက်စားလည်းရပြီပေါ့လို့ ပြောစရာရှိပါတယ်...
ဒါပေမယ့် အဲဒီငါးရှဥ့်တွေကို ခဲနေအောင်ထည့်ထားစရာ ရေခဲသေတ္တာမရှိတော့ ချက်လို့ မရပါဘူး.. အဲဒါကြောင့် အလွမ်းပြေလေးပဲ ရေးလိုက်တာပါ..
ရေးရင်းနဲ့တောင် အနံ့လေး ရလာသလိုပဲ...
Thursday, January 8, 2009
Subscribe to:
Post Comments (Atom)
2 comments:
D blog လေးဖတ်လိုက်ရတော. စားချင်တဲ.အာသီသလေးပေါ်လာတယ် ...
ရေခဲသေတ္တာတောင်အမြန် ဆုံးပြေးဝယ်လိုက်ချင်တော.တယ် (ဈေးကျနေတယ်လို.ပြော သံကြားတယ်) ....
ဒါပေမယ်. တဖက်ကတွေးကြည်.ပြန်တော.လည်း ဆောင်းကုန်လို.နွေရာသီကိုရောက်တော.မယ် ...
အဲ.ဒီအချိန်ရောက်ရင် မီးကဘယ်လိုလာမယ်မှန်းမသိတော.စိတ်ကိုမနည်းပြန်ထိန်းထားရတယ် ...
ဟင်းငါနော်...စိတ်ရှိတိုင်းသာလုပ်လိုက်ရလို့ကတော့ ဒီငါ့ရှဉ့်ဆေးခါးကိုသောက်ရတော့မယ် ...
Naunton
ဝယ်သာ ဝယ်လိုက်ပါဟယ်...
တွေးမနေပါနဲ့ .. ပြီးရင် ငါးရှဥ့်လေးပါ ဝယ်လိုက်ပါ...
ဟိဟိ
ချက်ကျွေးမှာပေါ့...
Post a Comment