ကဗျာလေးတစ်ပုဒ်တင်ပေးခဲ့ချင်ပါတယ်… သစ္စာနီရဲ့ ကဗျာလေးပါ… ကိုယ်အရမ်းကြိုက်လို့ မှတ်စုအုပ်ထဲမှာ ကူးထားတာ… မနေ့က ပြန်တွေ့လို့ …
အမည်မဲ့(၁)
ဖြစ်ရပုံများ
အိမ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်က မတော်
ကောင်းကင်နဲ့ ခေါင်းက မလွတ်…
ဖြစ်ရပုံများ
ကိုယ်လက်ဖက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက် မလိုင်ကုန်သွားရ…
ဖြစ်ရပုံများ
ထီမပေါက်တဲ့ အပြင်
ထီပေါက်စဉ်ကလည်း မှားသေး
ဖြစ်ရပုံများ
လက်မှတ်ဝယ်ပြီးသား ရထားက
တစ်စီးလုံးပျောက်သွားတယ်တဲ့……..
ကဲ ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်….
သစ္စာနီ
စတိုင်သစ် ဇူလိုင် ၂၀၀၃
Monday, March 23, 2009
နုတ်ဆက်တေးသံ
ကိုယ် ရန်ကုန်ကနေ နောက်တစ်နေရာကို သွားတော့မယ်… အားလုံးကို နှုတ်ဆက်ပါတယ်… ခါတိုင်းလို့ ပိုစ့်တွေ ခဏခဏ တင်နိုင်မယ်မထင်တော့ဘူး…
ဟိုမှာလည်း ကိုယ်စာတွေ ဆက်ရေးဖြစ်နေမှာပါ…
ဓါတ်ပုံတွေတော့ အများကြီးပြန်ပါလာမယ်ထင်ပါတယ်…
ရုတ်တရက်ဒီလိုသွားရမှာဆိုတော့ ကိုယ့်မှာဘာပြင်ဆင်ချိန်မှ မရှိလိုက်ဘူး…
အားလုံးကို ကိုယ်သတိရနေမှာပါ…
ဘယ်နေ့ အွန်လိုင်းပေါ်ပြန်ရောက်လာမလဲတော့ ကိုယ်လည်း မပြောနိုင်သေးဘူး…. တစ်ပတ်တစ်ခါလောက်တော့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်…
ကိုယ်အခု နာဂစ်ဒါဏ်ခံလိုက်ရတဲ့ ဘိုကလေးမှာ အလုပ်သွားလုပ်မှာပါ…
မြို့ပြကနေ လူနေမှုကနေ ခဏရှောင်ထွက်သွားတာပေါ့…
ကိုယ်ပျော်မယ်လို့ ထင်ပါတယ်… တစ်ခါမှ မရောက်ဘူးတဲ့ အသိမိတ်ဆွေမရှိတဲ့ နေရာတစ်ခုကို သွားတာ ဒီတစ်ခါပါရင် တတိယအကြိမ်ပါ…. ပထမဆုံးတစ်ခါ မန္တလေး နောက် ရန်ကုန်… အခုတစ်ခါ ဘိုကလေး.ပါ… ဒီတစ်ခါမှ တကယ်ကို စွန့်စားမှုတစ်ခုလိုပါပဲ…
ဒီအလုပ်ကို လုပ်ချင်တာ မြို့ပြကို စိတ်ကုန်လို့ သက်သက်ပဲ ကြိုးစားခဲ့တာပါ… ရန်ကုန်နဲ့ ဝေးရင်ပြီးရော ဘယ်ဖြစ်ဖြစ် ထွက်သွားချင်နေတာ ကြာပါပြီ… တစ်ချို့အရာတွေကို ကိုယ်လွမ်းနေမှာပါ… ဒီမှာ ကိုယ်သံယောဇဉ်ရှိတဲ့ အရာတွေ တော်တော်များနေပါပြီ… မြို့ပြဘဝကို စိတ်ကုန်ပေမယ့် မြို့ပြညတွေကို ကိုယ်ချစ်တယ်… သူငယ်ချင်းတွေရဲ့ ရယ်သံတွေကို ချစ်တယ်…
တကယ်တော့ သူငယ်ချင်းတွေကို သေချာနှုတ်ဆက်သွားသင့်တယ်… (နော် PKK, CM, TN, MW, MT) ဆောရီးဟာ ငါလည်း နောက်ဆုံးအချိန်ကျမှ သိရတော့ ဘာမှလုပ်လို့မရတော့ဘူး…
ပြန်တော့ပြန်လာမှာပါ…
ဘယ်တော့လဲတော့ မသိဘူးပေါ့…

Wednesday, March 18, 2009
စာဖတ်ခြင်း...
စာဖတ်ခြင်းကို ကိုယ်ဟိုးငယ်လေးကတည်းက ကြိုက်ခဲ့တာပါ...
ငယ်ကတည်းက စာအုပ်တစ်အုပ်ရှိရင် ကိုယ်ငြိမ်နေတတ်တယ်...
စာဖတ်တာကို ဘယ်လိုစပြီး စွဲလမ်းခဲ့လဲဆိုတာတော့ ကိုယ်သေချာမမှတ်မိတော့ပါဘူး...
သူများတွေလို အိမ်ကလူကြီးတွေက စာအရမ်းဖတ်လို့ စာလိုက်ဖတ်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး... အိမ်မှာ ကိုယ်တစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေ စာသိပ်မဖတ်ကြဘူး... ကိုယ့်အစ်မ ဝမ်းကွဲတွေ၊ ကိုယ်ကြီးကြီး နဲ့ ဘကြီးတို့ကတော့ စာအရမ်းဖတ်ကြတယ်... အစ်မတွေကိုတော့ တစ်မြို့တည်းရှိနေလို့ သူတို့စာအရမ်းဖတ်တာတွေပင်မယ့်... ကြီးကြီးနဲ့ ဘကြီးတို့ကတော့ ကိုယ်နားမှာ မရှိကြပါဘူး... မေမေ့ဆီမှာကျန်ခဲ့တဲ့ သူတို့ဖတ်ခဲ့တဲ့စာအုပ်တွေကြောင့်သာ သူတို့စာဖတ်ကြောင်း ဘယ်လိုစာမျိုးတွေဖတ်တယ်ဆိုတာကို ကိုယ်ခန့်မှန်းလို့ရခဲ့တာပါ...
မေမေကတော့ ငယ်တုန်းက အရမ်းဖတ်တယ်လို့ပြောပေမယ့် ခုနောက်ပိုင်းတော့ စာဖတ်တာသိပ်မတွေ့တော့ပါဘူး...
ဖေဖေကတော့ စာဖတ်တာကို သိပ်သဘောကျပုံမရဘူး... ဆယ်တန်းအောင်ပြီး ကိုယ်စာအုပ်တွေ ငှားငှားဖတ်တော့ သူက အမြင်ကပ်ပြီး စွယ်စုံကျမ်းတွေ ထုတ်ပေးတာကို မှတ်မိသေးတယ်... သူက ရွဲ့ပြီးထုတ်ပေးတာလား... တကယ်ပဲ ဖတ်စေချင်လို့လားတော့ ကိုယ်မသိပါဘူး... ဒါပေမယ့် အဲဒီစွယ်စုံကျမ်းတွေကိုလည်း ကိုယ်စိတ်ဝင်တစားဖတ်လိုက်သေးတယ်... အရမ်းလည်း သဘောကျခဲ့တယ်...
စာတွေစဖတ်တတ်တဲ့ ၁ တန်း ၂ တန်းတုန်းကတော့ ကျောင်းပိတ်ရက်ဆို စာအုပ်ငှားဖတ်ခွင့်ရပါတယ်... မေမေက ဝတ္တု၊ ကိုယ်နဲ့ မောင်လေးက ကာတွန်း တစ်ယောက်ကို ၁ အုပ်စီ..
သောကြာ၊ စနေ ၂ ရက် စာဖတ်ခွင့်၊ စာအုပ်ငှားခွင့်က ကိုယ့်အတွက်တော့ တစ်ပတ်လုံးအတွက် မျှော်လင့်ချက်ပါ...
သောကြာနေ့ညနေ နေမဝင်ခင်မှာ အိမ်စာတွေ အပြီးလုပ်မှ စာအုပ်ဆိုင်သွားခွင့်ရတယ်...
အိမ်စာမပြီးရင် သွားပြီပဲ... အိမ်စာတွေပြီးလို့ စာအုပ်ဆိုင်သွားရင် မေမေက မလိုက်ပါဘူး.. သူဖတ်ချင်တဲ့ စာရေးဆရာနာမည်ကိုပြောပြီး ကိုယ်တို့၂ယောက်ကို သွားခိုင်းလိုက်တာပါပဲ...
စာအုပ်ဆိုင်ရောက်ရင် ငှားမယ့်စာအုပ်ကို ကိုယ်အကြာကြီးရွေးတတ်တယ်... ဘာလို့လဲဆိုတော့ စာအုပ်တွေ အများကြီးကို ဟိုလှန်ဒီလှန်လုပ်ပြီး ဖတ်နေတာပါ... ငှားရမှာက ၁ အုပ်ထဲဆိုတော့ ရွေးရတော်တော်ကိုခက်ခဲ့တာပါ...
တစ်ခါတစ်ခါ လမ်းမှာတောင် စာအုပ်ကို ဖတ်ပြီးပြန်ချင်ပြန်တာပါ...
အိမ်ရောက်ရင် ခဏလေးနဲ့ ဖတ်လို့ကုန်သွားရော.. အဲဒီဖတ်ပြီးသွားတဲ့ စာအုပ်ကို နောက်တစ်ရက်လည်း ဆက်ဖတ်...
ပြန်ပို့ခါနီးအထိ အပြန်ပြန်အလှန်လှန်ဖတ်တတ်တယ်...
မေမေရဲ့ ဝတ္ထုကတော့ ကိုယ့်တို့ကို မဆွဲဆောင်နိုင်ဘူး... အဲဒီတုန်းက စာတွေချည်းပဲပါတဲ့ စာအုပ်ကို ကိုယ်ဘယ်လိုမှ မဖတ်ချင်ပါဘူး... ညဆို ၃ယောက်သား စာအုပ်တစ်ယောက် တစ်အုပ်စီနဲ့ အိပ်ယာထဲမှာ ကွေးနေရတာ အရသာတစ်မျိုးပါ.. (ဖေဖေကတော့ ကားမောင်းလို့ အမြဲ ခရီးထွက်နေပါတယ်... အမြဲတမ်း အိမ်မှာ ကိုယ်တို့ ၃ ယောက်တည်း...)
အဲဒီအရွယ်ကတည်းက စာဖတ်ခြင်းကို ကိုယ်သဘောကျခဲ့တာ... ၃ တန်း ၄ တန်း အရွယ်လောက်ကျတော့ ကိုယ် သိုင်းဝတ္ထုတွေဖတ်တယ်... အဲဒီကနေ တဖြည်းဖြည်း တခြားဝတ္ထုတွေ ဖတ်တတ်လာတယ်... တာရာမင်းဝေ နဲ့ ဂျူး တို့က ကိုယ်အကြိုက်ဆုံး စာရေးဆရာတွေပါ... အိမ်မှာနေတုန်းကတော့ စာအုပ်ဖတ်ချင်ရင် နွေရာသီကို စောင့်ရပါတယ်... အိမ်ကကျောင်းစာမလုပ်မှာ စိုးလို့ ပေးမဖတ်ပါဘူး... တစ်ခါတစ်ခါ အရမ်းဖတ်ချင်တဲ့ အချိန်မျိုးဆို ကျောင်းအခန်းထဲမှာ ခိုးဖတ်ပါတယ်..၈ တန်း ၉ တန်း မှာအဆောင်သွားနေတော့ ကိုယ်နေ့တိုင်းစာအုပ်တွေ ငှားဖတ်ပါတယ်..
အဲဒီအရွယ်မှာ ဘာသာပြန်တွေကို အရသာတွေ့နေပြီ...
ကိုယ်နေတဲ့အဆောင်က ကိုယ့်အစ်မဖွင့်ထားတဲ့ အဆောင်ပါ... တစ်ခြားကျောင်းသူကျောင်းသားတွေက ပိုက်ဆံပေးပြီးနေပေမယ့် ကိုယ်ကိုတော့ ဒီတိုင်းခေါ်ထားတာ... သူတို့တွေကလည်း စာအရမ်းဖတ်တဲ့သူတွေဆိုတော့ အဆောင်မှာ စာအုပ်တွေမှ အများကြီးရှိပါတယ်... ကိုယ်နေရတဲ့ အခန်းကလည်း စာအုပ်စင်နဲ့ နီးနီးဆိုတော့ သူတို့စာအုပ်တွေအားလုံးနီးပါး ယူဖတ်ဖြစ်တယ်... ငယ်တုန်းဆိုတော့ ဘယ်သူက ကောင်းတယ် ဘယ်သူက မကောင်းဘူးဆိုတာကိုလည်း မခွဲခြားတတ်ဘူး... အားလုံးဖတ်တာပဲ...
ကိုယ် ၉ တန်းတုန်းက ကိုယ်က ကျောင်းစာမလုပ်ပဲ အပြင်စာတွေချည်း ထိုင်ဖတ်နေတတ်တယ်... အဲဒါကို ကိုယ်တို့ အဆောင်က ၁၀ တန်းတွေကပါ စာမလုပ်ပဲ စာအုပ်တွေ လိုက်ဖတ်လို့ သူတို့တွေတန်းစီပြီး စာမေးပွဲကျကြရော်... အဲဒါနဲ့ပဲ ကိုယ် ၁၀ တန်းလည်း ရောက်ရော အဆောင်ဆက်မနေရပဲ အိမ်ပြန်ရောက်သွားသေးတယ်...
၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်မတတ်ခင်ကြားထဲမှာ တစ်နှစ်လုံးစာကြမ်းပိုးလုပ်နေတာ... ကိုယ် ငှားတဲ့စာအုပ်ဆိုင်နာမည်က မိုးနတ်သား တဲ့... ဆိုင်ပိုင်ရှင်အကိုကြီးက စာဖတ်တာ ဝါသနာပါတော့ သူက
ကိုယ်အတွက် စာအုပ်တွေ ရွေးပေးတတ်တယ်... ဘာဖတ်ရမလဲ မသိတော့ရင် သူကိုသာမေးလိုက် စာအုပ်ကောင်းကောင်းတွေ ရွေးပေးတတ်တယ်... သူရွေးပေးလို့ မင်းသားလေး၊ သုခမြို့တော်၊ ပုလိပ် အဲဒီလို စာအုပ်ကောင်းတွေနဲ့ ကိုယ်ရင်းနီးခဲ့တယ်...
ကျောင်းတတ်တော့ ပထမနှစ်မှာ ကိုယ်မန္တလေးမှာနေတယ်... မန္တလေးကျောင်းနားမှာ စာအုပ်အရမ်းစုံတဲ့ စာအုပ်ဆိုင်တွေရှိတယ်.. ကျောင်းပိတ်ရက်ဆို ညမအိပ်ပဲ ကော်ဖီမတ်ခွက်ကြီး တစ်ခွက်နဲ့ စာဖတ်တတ်တယ်... တစ်ခါတစ်ခါ အတန်းလစ်ပြီး စာကြည့်တိုက်မှာ အပြင်က စာအုပ်ငှားပြီး သွားဖတ်တတ်တယ်... စာကြည့်တိုက်က စာအုပ်မစုံဘူး ဒါပေမယ့် အဲကွန်းရှိတယ်... ကိုယ်က တောင်ပေါ်ကဆင်းလာခါစဆိုတော့ အပူဒါဏ်ကို မခံနိုင်ပါဘူး...
ဒီလိုနဲ့ စာအုပ်တွေကို ကိုယ် တဖြည်းဖြည်းချစ်တတ်လာတယ်... ရန်ကုန်ရောက်တော့ စာအုပ်ဆိုင်တော်တော်နဲ့ ရှာမတွေ့လို့ စာအုပ်တွေ ဝယ်ဖတ်ရင်းက စာအုပ်စုတတ်လာတယ်... ခုဆို ကိုယ်ဆီမှာ စာအုပ်တွေ တော်တော်များပါတယ်... ကျောင်းတတ်နေတုန်းကဆို စာကြည့်တိုက်ဖွင့်ဖို့အထိ ကိုယ်စိတ်ကူးယဉ်ခဲ့တာ... ခုတော့မဖြစ်နိုင်သေးဘူးထင်ပါတယ်... တောင်ကြီးမှာ ပြန်ဖြစ်တဲ့ အချိန်ကျရင် အဲဒီအိမ်မက်ကို အကောင်အထည်ဖော်နိုင်မယ်ထင်တယ်...
ုနောက်ပိုင်းတော့ စာအုပ်တွေကို သိပ်မဝယ်ဖြစ်တော့ဘူး... ကိုယ်ကိုယ်ကိုယ်တောင် မနည်းလောက်အောင် သုံးနေရတာဆိုတော့... ငှားဖတ်စရာဆိုင်လည်းရှိတယ်ဆိုတော့ ... ကိုယ်ငှားတဲ့ဆိုင် ၂ ဆိုင်က အရမ်းစာအုပ်စုံတဲ့ ဆိုင်တွေပါ... နာမည်က ရွှေတောင်ပံ နဲ့ ရှင်သန်ရေး ပါ...
ကျောင်းပြီးပြီး သံရုံးမှပဲ ဆက်တတ်နေတုန်းက ကိုယ်စာတော်တော် ဖတ်ဖြစ်ပါတယ်... အရမ်းလည်း အားနေတော့...
အခု အလုပ်လုပ်ပြီးနောက်ပိုင်း စာအုပ်လည်း သိပ်မဖတ်ဖြစ်တော့ဘူး... ခုတလောမှ E-book တွေကို အင်တာနက်က ဒေါင်းပြီး ဖတ်ပါတယ်... စာအုပ်ကို ကိုင်ဖတ်ရတာလောက်တော့ အရသာမတွေ့ဘူး... လုံးဝမဖတ်ဖြစ်တာနဲ့ စာရင်တော့ အဆင်ပြေသလိုပဲ... အင်တာနက်တွေပေါ်လာတာ အဲဒီတစ်ခုကောင်းတယ်... ကိုယ်ရှာလို့မရတဲ့ စာအုပ်အဟောင်းတွေကို ဖတ်လို့ရလာတယ်... ဒါပေမယ့် ကိုယ့်ရဲ့စာဖတ်ချိန်တွေကို အင်တာနက်က လုယူသွားသလိုပဲ... ဒီတိုင်းဆို စာဖတ်ဖြစ်နေမယ့်အချိန်တွေ ခုတော့ အွန်လိုင်းပေါ်မှာ ကုန်ကုန်သွားတတ်တယ်...
တောင်ကြီးပြန်တဲ့အချိန်တွေဆိုရင်တော့ ကိုယ်စာဖတ်ဖြစ်ပါတယ်... အွန်လိုင်းသွားထိုင်ဖို့ဆိုပြီး ညဘက်အပြင်မှ ထွက်လို့မရတာ... ညညဆိုစာတွေပဲ ဖတ်ဖြစ်နေရော... အရင်ကလို စာပဲဖတ်နေလို့ဆိုပြီး ဖေဖေက မပြောတော့ပါဘူး... စွယ်စုံကျမ်းတွေလည်း မထုတ်ပေးတော့ဘူး... အဲဒီစွယ်စုံကျမ်းတွေ ကိုယ်လိုချင်လို့တောင်းတာတောင် ဘယ်နားရောက်နေလဲ မသိဘူးတဲ့...
အခုကိုယ်ကို အကြိုက်ဆုံးစာအုပ်ဘာလဲလို့ မေးရင်တော့ ကိုယ်မဖြေတတ်ပါဘူး... စာအုပ်တိုင်းမှာ ဆွဲဆောင်မှုလေးတွေရှိပါတယ်... ကိုယ်လည်း ကိုယ်ဖြစ်နေတဲ့ ခံစားချက်ကိုလိုက်ပြီး စာအုပ်တွေကို ပြောင်းဖတ်ဖြစ်ပါတယ်...

Saturday, March 14, 2009
သင်္ကြန်...
ဒီနှစ်သင်္ကြန် တောင်ကြီးကို ပြန်မယ်...
နှစ်တိုင်းနီးပါးလည်း ပြန်နေကျပါပဲ...
ဒီတစ်နှစ်တော့ သူငယ်ချင်းတွေပါ လိုက်ကြမယ်တဲ့...
တွေးကြည့်ရုံနဲ့ ကိုယ်ပျော်နေပြီ...
ဒီတစ်ခါတော့ ဓါတ်ပုံတွေ အများကြီးရိုက်လာပြီး ဘလော့ပေါ်တင်မယ်လို့ စိတ်ကူးတယ်...
ရှမ်းလေးက ပုံတွေ ကြည့်ပြီး တောင်ကြီးကို လွမ်းတယ်တဲ့...
သူလို လွမ်းတဲ့သူတွေအတွက်...
အလွမ်းပြေကြည့်ရအောင် တစ်မြို့လုံးပတ်ပြီး လိုက်ရိုက်လိုက်မယ်...
သင်္ကြန်ပြီးရင်ပေါ့.. သင်္ကြန်တွင်းတော့ မဖြစ်ဘူး.. ကင်မရာလေး ရေထိသွားရင် နောက်တစ်ခုရဖို့မလွယ်ဘူး...
စကားမစပ် ဒီနှစ် IC အဖွဲ့က တောင်ကြီးမှာတဲ့...
ကိုယ်တို့အုပ်စုတော့ အပြတ်ကဲလိုက်အုံးမယ်..
လိုက်ချင်ရင် ဆက်သွယ်ကြနော်... ဟဟ ..

Sunday, March 8, 2009
အမျိုးသမီးများနေ့
ဒီနေ့ ၈ ရက် မတ်လ... အမျိုးသမီးများနေ့ပါ... ဒီနေ့တော့ ဘာမှမလုပ်ဖြစ်ပေမယ့်...
မနေ့က ပြင်သစ်သံရုံးက လုပ်တဲ့ပွဲကိုတတ်ခဲ့ပါတယ်... သူတို့ကတစ်ရက်လုံး ဟောပြောပွဲတွေ၊ ဓါတ်ပုံပြပွဲ၊ ရုပ်ရှင်၊ ပြဇာတ်တွေ လုပ်ကြပေမယ့်...
ကိုယ်က အလုပ်နဲ့မို့လို့ ည မှပဲရောက်ခဲ့ပါတယ်...

ကျောင်းရှေ့က ရေပန်းပါ.. ရေတော့ မထွက်နေပါဘူး...
ကိုယ်တို့ရောက်တော့ ဒါရိုက်တာ ကြည်ဖြူရှင်ရဲ့ သတင်းကားပြနေပါတယ်... မြန်မာပြည် မြောက်ဖျားက အမျိုးသမီးတွေ အကြောင်းရိုက်ထားတာပါ... ကိုယ်ရုပ်ရှင်အကြောင်းသိပ်နားမလည်ပေမယ့် တော်တော်ကောင်းတဲ့ ကားတစ်ကားပါ... သူကိုလည်း အရမ်းကို လေးစားပါတယ်.. သူအသက်အရွယ်နဲ့ ဒီလောက်လုပ်နိုင်တာကို....

ဓါတ်ပုံပြပွဲကို ရိုက်ခဲ့တာပါ...

ကဗျာတစ်ပုဒ်ပါ... အမျိုးသမီးတွေ အတွက်ရေးဖွဲ့ထားတာ... ကဗျာကို ပန်းချီကားဆန်ဆန်လေး ရေးထာတာ... အရမ်းကောင်းတဲ့ စိတ်ကူးတစ်ခုပါ...
What Is a Woman?
(This poem is dedicated to every women who had been
or currently is on our earth)...
WHAT IS WOMEN
She si the tree of life, the essence of life and love...
The gift from God, from the heavens obove
From her womb, we all come...
Later we will call her mom...
Our first friend, love and teacher..
All we become is from her nuture...
When you're angery with your lover...
Always reflect back to your mother...
When you feell bitter, think of your sister...
Should you find you need cover always remember your grandmother.
Ten thousand smiles have kissed your face...
These women have made you the man you are in this place...
Cherist the women with all your heart...
Without them, seriously, our world would fall apart...
Love them tender, love them true...
All your dreams will come through...
Take your time to understand, what the women is to the man...
We are nothing without their love, they are our gifts from God above...
She is grandmother, mother, daughter, aunt and sister...
Lover, wife, neighbor, coworker and teacher...
Surrounded by beautiful and fragrant flowers everydays.
We must be carefull of what we do and say...
She is the tree of live, the essence of life and love...
The gift from God, from the heavens above...
gino vovick
ကဗျာစာသားလေးပါ...

အမျိုးသမီးတစ်ယောက်ရဲ့ ပန်းချီကားပါ....

ရုပ်ရှင်အစီအစဉ်တွေ ပြီးတော့ ကျောင်းသားတွေ ပြဇာတ်ကကြပါတယ်...
အမျိုးသမီးတွေအကြောင်း၊ အမျိုးသမီးတွေ ကြုံရတဲ့ အခက်အခဲ၊ အဲဒီ အခက်အခဲတွေကို သူတို့ ဘယ်လိုရင်ဆိုင် ဖြေရှင်းကြလဲဆိုတာ အတိတ်၊ ယခု၊ အနာဂတ် အချိန်ကာလသုံးမျိုးနဲ့ ဟာသဆန်ဆန်လေး ကပြသွားကြပါတယ်... ရီရသလို ရသလည်း မြောက်ပါတယ်...
ဒီအစီအစဉ်က နောက်ဆုံးအစီအစဉ်ပါ...

Saturday, March 7, 2009
တောင်ပေါ်လမ်း အမှတ်တရ...
ဒီတစ်ခါ တောင်ကြီးကနေ ပြန်လာတော့ အပြန်လမ်းက အမှတ်တရပုံလေးတွေပါ...
ကားပေါ်ကရိုက်လို့ ပုံက မကြည်ပါဘူး...
.JPG)
ဒါက တောင်ပေါ်အတတ်လမ်းကနေ တောင်အောက်ကိုလှမ်းရိုက်ထားတာပါ...
.JPG)
ဒါက ရှမ်းစက္ကူလို စက္ကူတွေနဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်လေးပါ... ဒီလိုဆိုင်လေးတွေကို ပင်းတယမှာလည်း တွေ့နိုင်ပါတယ်... ယက်တောင်၊ မီးပုံး၊ ထီး စတာလေးတွေ ရနိုင်ပါတယ်...
.JPG)
ကိုဘိုဖြူရဲ့မြေနီလမ်းတော့ မဟုတ်ပါဘူး... ရှမ်းပြည်မှာ ဒီလိုမြေနီလမ်းတွေ အများကြီးရှိပါတယ်... ကိုယ်တို့ရှမ်းပြည်က သူတွေအားလုံး မြေနီလမ်းမှာ လျှောက်ဖူးကြမှာပါ... မြေပြန့်ကမြေတွေက ကိုယ်တို့ ရှမ်းပြည်လိုမနီဘူး...
.JPG)
ကုန်စိမ်းတွေတင်ထားတဲ့ လှည်းတွေ ကားတွေပါ... လှည်းတွေက ရွာကနေ ကော်ဖီထုပ်တွေ သယ်လာပြီး ကားတွေက မြို့ရောက်အောင် ပြန်သယ်သွားကြမှာပါ... နောက်ဆုံး ရှမ်းပြည်က ကုန်စိမ်းတွေ ရန်ကုန် သီရိမင်္ဂလာဈေး အထိ ရောက်လာပါရော်...
ရှမ်းပြည်ကို လွမ်းရင် ပြန်ကြည့်ရအောင် ရိုက်ထားတာပါ... ကားပေါ်ကနေဆိုတော့ ပုံတွေက မကောင်းဘူး.. ဒါတွေတောင် အကောင်းဆုံးပုံတွေကို တင်ထားရတာ... ကိုယ်ကလည်း ဓါတ်ပုံရိုက်တာ ခပ်တော်တော်ရယ်...

Friday, March 6, 2009
ရွှေတိဂုံပေါ်က...
Monday, March 2, 2009
မရှိမဖြစ် သူငယ်ချင်းများ...
ကိုယ်ဆီမှာ သူငယ်ချင်းတွေ အများကြီးရှိပါတယ်...
သူငယ်ချင်းဆိုတဲ့ စကားလုံးနောက်ကွယ်မှာ သံယောဇဉ်တွေ နားလည်မှုတွေ နားလည်ပေးမှုတွေ ဖေးမကူညီမှုတွေ စတဲ့
ဖွင့်ဆိုချက်တွေ အများကြီးရှိပါတယ်...
ကိုယ်က တောင်ကြီးမှာနေတယ်... နောက် မန္တလေးမှာကျောင်းတတ်တယ်...
ခုတော့ ရန်ကုန်မှာနေတာ ၇ နှစ်လောက်ရှိပြီ... ဆိုတော့ သူငယ်ချင်းတွေ နေရာပေါင်းစုံမှာရှိပါတယ်...
ကိုယ်အကြာဆုံးတွဲတဲ့ သူငယ်ချင်းတွေကတော့ ကိုယ်နဲ့ UFL တူတူတတ်ကြတဲ့ အုပ်စုပါ...
သူတို့နဲ့ တွဲတာ ၆ နှစ်ကျော်သွားပါပြီ...
ကိုယ်တို့စတွေစ အချိန်လေးတွေကို သတိတရရှိသေးတယ်... အဲဒီတုန်းက ကိုယ်က မန္တလေးကနေ ပြောင်းလာခါစဆိုတော့
မန္တလေးက တူတူပြောင်းလာတဲ့ သူတွေနဲ့ပဲတွဲဖြစ်သေးတာ... အခန်းထဲမှာကလည်း လူတိုင်းက အုပ်စုနဲ့နေကြတာပါ...
မန္တလေးတုန်းကတော့ ကိုယ်က ကိုယ်တစ်ယောက်တည်းပဲနေပါတယ်... ဘယ်အုပ်စုမှ ကိုယ့်အုပ်စုမဟုတ်ဘူး... ဒါပေမယ့် ကိုယ်နဲ့မခင်တဲ့ လူလည်းမရှိဘူး..
ရန်ကုန်လူနေမှုပုံစံကျတော့ အဲလိုနေလို့မဖြစ်ပြန်ဘူး...
မန္တလေးအုပ်စုပုံစံနဲ့ ကိုယ့်ပုံစံနဲ့ကျတော့လည်း တွဲလို့က အဆင်မပြေ... ကိုယ်တော်တော် စိတ်ညစ်ရပါတယ်... အဲဒီအချိန်မှာ ... ခုသူငယ်ချင်းတွေထဲမှာ
ကိုယ့်နဲ့တောင်ကြီးမှာ state တူတူတတ်ခဲ့တဲ့ တစ်ယောက်ပါပါတယ်... သူကြောင့် ဒီအခင်ရဆုံးအုပ်စုနဲ့ ကိုယ်စတွေ့ပါတယ်...
တစ်ရက်... ကိုယ်ကို Main ထဲသွားပြီး ဓါတ်ပုံရိုက်ရအောင်တဲ့ သူတို့က လာခေါ်တယ်... အတန်းလစ်ပြီး ကိုယ်လိုက်သွားရကစပြီး... သူတို့တွေဘယ်လောက်
ခင်ဖို့ကောင်းလဲဆိုတာ ရှာဖွေတွေ့ရှိသွားတယ်... အဲဒီအုပ်စုမှာ ကိုယ်အပါအဝင် ၉ ယောက်ရှိခဲ့တယ်...

အဲဒီနေ့က ရိုက်ထားတဲ့ပုံလေးတွေပါ...
တစ်ယောက်ကတော့ အဲဒီနှစ်ကျောင်းပိတ်ချိန်မှာပဲ..
အိမ်ထောင်ကျသွားလို့ ကျောင်းပါထွက်လိုက်တယ်...

ဒီပုံကတော့ Second Year, Second semester မှာ ရိုက်ခဲ့တာလို့ ထင်ပါတယ်...

ကျောင်းမှာ Oral ဖြေပြီး စားသောက်နေကြတာပါ...
ကျောင်းပြီးတဲ့အချိန်ထိတော့ ကျန်တဲ့ ၈ ယောက်က အမြဲတတွဲတွဲပါ...

ဘွဲ့ယူတဲ့နေ့က UFL ထဲအထိ တကူးတက သွားရိုက်ခဲ့တာပါ... ကျောင်းအလယ်က မြက်ခင်းပြင်မှာ ဒီနေရာလေးက ကိုယ်တို့ ကျောင်းတတ်တုန်းက ထိုင်နေကျနေရာလေးပါ...

ကျောင်းဆောင်ပေါ် အထိတက်ရိုက်ခဲ့တာ... ဆရာမဆူတာတောင် ခံခဲ့ရသေးတယ်... ကိုယ်တို့များ ကျောင်းပြီးတာတောင် အဆူခံရတုန်း...
UFL က University of Foreign Languages လို့မခေါ်ပဲ University of Female Languages လို့ပြောင်းခေါ်ရလောက်အောင် မိန်းကလေးများတဲ့ကျောင်းပါ..
ကိုယ်တို့အခန်းထဲမှာ ယောကျာင်္းလေး ၂ ယောက်ပဲရှိပါတယ်... အဲဒီ ၂ယောက်က ကိုယ်တို့ ၈ ယောက်ထဲကပေါ့... ကျောင်းပြီးသွားချိန်ကျတော့ ...
ယောကျာင်္းလေးတစ်ယောက် ... မိန်းကလေးတစ်ယောက်... သူတို့ ၂ ယောက် ကိုယ်တို့ဆီကထွက်သွားပြန်ရော... ထွက်သွားတယ်ရယ်လို့ ဟုတ်ချင်မှလည်း
ဟုတ်ပါလိမ့်မယ်... အကြောင်းမတိုက်ဆိုင်တော့ ကိုယ်တို့တွေဖို့ ပြောလိုက်တိုင်း သူတို့၂ယောက်မလာတာများပါတယ်...
ဒီလိုနဲ့ပဲ အဆက်အသွယ်တွေ ပြတ်ကုန်ရော...
ကျန်တဲ့သူတွေကတော့ အားလား လို့သာ မေးလိုက် အထာပေါက်ပြီးသား.. အားအားမအားအား ကို လာတာပဲ...
Sunday တိုင်း နီးပါး ကိုယ်တို့သူငယ်ချင်းတွေ တစ်နေရာရာမှာ ဆုံဖြစ်တတ်ကြတယ်... ကျောင်းပြီးတာ ကြာခဲ့ပေမယ့် အတွဲမပျက်ကြဘူး...
ဟိုအရင်လပိုင်းလောက်တုန်းကတော့ ကိုယ်နဲ့ state တူတူတတ်ခဲ့တဲ့ တစ်ယောက်က နိုင်ငံခြားသွားလိုက်ပြန်ပါတယ်...
သူသွားသွားချင်းမှာ ကိုယ်တို့တွေ တွေ့တိုင်း သူကိုပဲ သတိတရဖြစ်နေတတ်တယ်... ကိုယ်ဆို သူသွားတဲ့နေမှာ အလုပ်တောင်မတတ်နိုင်ဘူး...
သူငယ်ချင်းလိုထက် ညီအစ်မတွေလိုပါ ချစ်ကြတာပါ... ကိုယ်တို့ကြားမှာ ပြိုင်တာဆိုင်တာမရှိဘူး.. တစ်ယောက်နဲ့တစ်ယောက် မနာလိုဖြစ်တာမရှိဘူး...
တစ်ယောက်ပျော်ရင် အားလုံးပျော်ကြသလို တစ်ယောက်စိတ်ညစ်ရင်လည်း အားလုံးစိတ်ညစ်ကြတယ်...
နောက်ဆုံး စိတ်ညစ်စရာဆိုရင် အားလုံးစုံတဲ့အချိန်မှာ မပြောဖြစ်တဲ့အထိပါ... ကိုယ်ပြောလိုက်လို့ အားလုံးပျော်နေတာလေးတွေ ပျောက်သွားမှာစိုးလို့ပါ...
စိတ်ညစ်စရာရှိရင် ကိုယ်နဲ့တူတူရှိတဲ့တစ်ယောက်ယောက်ကို ဖြစ်ဖြစ်ပြောပြလိုက်တယ်.. ပြီးတော့ အဲဒီတစ်ယောက်က ကျန်တဲ့သူတွေကို ပြောပြပေးတယ်..
ဘယ်သူဘယ်သူမှ ငါအရင်ဆုံးမသိရလို့ ဆိုပြီး စိတ်ကောက်တာမျိုးမလုပ်ကြပါဘုး... အားလုံးဝိုင်းပြီး စိတ်ညစ်နေတဲ့တစ်ယောက်ကို ပျော်အောင်ကြိုးစားပေးကြတယ်..
တစ်ခါကများဆို တစ်ယောက်က သူကို အတိုကောက် W လို့နာမည်ပေးပါမယ် သူအဖွား ချော်လဲတယ်ဆိုပြီး ကျောင်းကခွင့်ယူပါတယ်... ကိုယ်တို့တွေ အားလုံးစိတ်ပူကြတာ... ပြီးတော့ လိုက်သွားကြည့်ကြတယ်..
ထင်တယ်... နောက်အိပ်ယာထဲလှဲပြီး ခြေထောက်ကျိုးနေတဲ့ သူအဖွားက ကိုယ့်အမေအရွယ်လောက်ပဲ ရှိသေးတယ်...
ကိုယ်ကသာ ကိုယ့်အမေအရွယ် ... တစ်ချို့ရဲ့ အမေတွေက သူအဖွားထက်တောင်ကြီးနေသေးတယ်... ကိုယ်တို့မှာ တွေးပြီးစိတ်တွေပူနေတာတောင် ..
ရီရခက် ငိုရခက်ဖြစ်ရသေးတယ်...
အဲလို အမှတ်တရအဖြစ်အပျက်လေးတွေ ကိုယ်တို့ဆီမှာ အများကြီးပါ... ကြုံတဲ့အခါတွေမှာ ရေးပါအုံးမယ်...
ကိုယ်တို့တွေရဲ့ တူညီတဲ့အကျင့်က ကော်ဖီကြိုက်တာပါ... နောက်ပြီး တစ်ယောက်အကြောင်းတစ်ယောက် မကောင်းဘယ်တော့မှ ပြောလေ့မရှိပါဘူး...
မကောင်းတာလုပ်ရင်တောင်မှာ ငါသူငယ်ချင်းစိတ်ချမ်းသာသလိုသာနေ... ငါတို့ရှိတယ်ဆိုတာမျိုးပါ...
ဒီတစ်လိုကိစ္စမျိုးကို တစ်ခြားသူတစ်ယောက်ယောက်လုပ်နေရင် ကိုယ်တို့ ရေရေလည်လည်ပြောဖြစ်မှာပါ...
ကိုယ့်သူငယ်ချင်းကျတော့ မကောင်းမမြင်နိုင်ပါဘူး...
ရုပ်ရှင်ကြည့်ဖို့ ကိစ္စကလွဲလို့ ကိုယ်တို့ကြားမှာ ညှိမရတဲ့ ကိစ္စမရှိပါဘူး... ဒီကိစ္စညှိလို့မရတာ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး... ,သူကို အတိုကောက် P လို့နာမည်ပေးပါမယ် သူက ငါကနင်တို့နဲ့ တွေ့ပြီး နင်တို့မျက်နှာလေးကြည့်ပြီး စကားပြောချင်တာ ... ရုပ်ရှင်ရုံထဲမှာဆို အချိန်ကုန်သွားပြီး နင်တို့တွေနဲ့ စကားလည်း မပြောရဘူး... မှောင်နေလို့ မျက်နှာလည်း မမြင်ရဘူး အဲလို ငြင်းလေ့ရှိပါတယ်...(မိန်းကလေးချင်းကိုများ သူက မျက်နှာလေးကြည့်ပြီး စကားပြောချင်သေးတာတဲ့ ချစ်ကြပုံများ...) အဲဒါကို C က တစ်ခါတစ်ခါဆို လှောင်ပါတယ်... နင်မကြည့်ချင်ရင် အပြင်မှာစောင့်နေလေ.. ငါတို့ဝင်ကြည့်မယ်... ပြီးမှတွေ့မယ် ဆိုတာမျိုးပါ... နောက်ဆုံးတော့ ရုပ်ရှင်သွားကြည့်ရင် သူမပါတဲ့နေ့မျိုးမှာ သွားကြပါတယ်... တစ်ခါတစ်ခါတော့ သူလိုက်ကြည့်ပါတယ်...
ကိုယ်တို့တွေ တွေ့နေကြနေရာက မြေနီကုန်းပတ်ဝန်းကျင်မှာပါ... Blazon၊ ရွှေရည်၊ Moon တွေမှာထိုင်လေ့ရှိပါတယ်... Blazon ကိုအကြိုက်ဆုံးပါပဲ... သွားရလာရခက်တယ်... ဒါပေမယ့် အဲဒီမှာ ထိုင်ရတာ ငြိမ်းချမ်းပါတယ်... အဲဒီကိုမှာချိန်းရင် လာရအဆင်ပြေတဲ့သူ ဘယ်သူမှမရှိပါဘူး... ဥပမာ... Parisian ဆိုရင် ကိုယ်ကအဆင်ပြေတယ်... ရုံးကနေသွားလိုက်ရုံပဲ... T လို့ခေါ်တဲ့ ကိုယ့်တို့ အုပ်စုထဲက တစ်ဦးတည်းသော ယောကျာင်္းလေးကကျတော့ သူက မြို့ထဲမှာပဲနေတော့ အပြန်အဆင်ပြေတယ်... C အတွက်တော့ အသွားရော အပြန်ရော အဆင်မပြေပါဘူး... သူက ကြည့်မြင်တိုင်မှာနေလို့ပါ... P က အင်းစိန်မှာနေတော့ ပိုတောင်ဆိုးပါတယ်... အပြင်ထွက်သွားတဲ့ K ကတော့ ဘယ်မှာချိန်းချိန်းရောက်အောင်လာပါတယ်...
ကိုယ်တို့ထဲမှာ K က ဝတ်တတ်စားတတ်ပါ... သူက ကပြားဆိုတော့ တော်တော်လေး အသားအရည်လှတယ်... ပြီးတော့ ချစ်စရာလည်း ကောင်းတယ်... အင်္ဂလိပ်၊ ရှမ်း လူမျိုးတွေစပ်တာလို့ အသားက ဖွေးဖြူဖြူလေးပါ… မျက်လုံးတွေက အညိုရောင် (ပျားရည်ရောင်လို့လည်း ပြောလို့ရပါတယ်…) သတ္တိလည်း ရှိတယ်… ဘယ်ရောက်ရောက် သူမကြောက်တတ်ဘူး… ခုလည်းကိုယ်တို့အားလုံးကို ထားပြီး ထွက်သွားတာပဲ… သူပြောနေကျ စကားတစ်ခွန်းရှိပါတယ်… ပိုက်ဆံရှိဖို့ပဲလိုတယ်… ဘယ်သူရှိရှိ မရှိရှိ ငါအတွက်ကိစ္စမရှိဘူး တဲ့… သူစပြောတုန်းကတော့ အဲဒီစကားကို ကတယ်လို့ပဲ ထင်ခဲ့ကြတာ… သူသွားမယ့် မနက်မှာ ကိုယ်တို့တွေ လေဆိပ်ရောက်တော့ မမချောက ငိုတယ်… ပြီးတော့ ငါမသွားချင်တော့ဘူးတဲ့… ကိုယ်တို့တွေကို ချစ်ကြောင်းရေးထားတဲ့ စာတစ်စောင်ပေးခဲ့တယ်… စာလေးကတစ်စောင်တည်းဆိုတော့ ကိုယ်တို့မှာ မိတ္တူဆွဲပြီး သိမ်းရသေးတယ်…တစ်ခုပါပဲ.. သူကိုယ်တို့ကို ပုံပြင်ပြောသွားတယ်…
K က အပြင်မှာလှပေမယ့် ဓါတ်ပုံတော့ မစားဘူး… ဓါတ်ပုံစားတာက P … သူကပိန်ပိန်လေး၊ ဘယ်လိုလေးနေနေ လှနေတာ… ဓါတ်ပုံထဲမှာဆို ကဗျာဆန်နေရော… ကိုယ်သူငယ်ချင်းမို့လားသိဘူး.. သူတို့အားလုံးကို လှတယ်လို့ ကိုယ်မြင်ပါတယ်… M ရှိသေးတယ်… သူက စာတော်တယ်… ကြိုးစားတယ်… ရောက်တဲ့နေရာတိုင်းမှာ ပထမနီးပါးပဲ… သူမှာလည်း အမှတ်တရတွေ အများကြီးပါ… သူငယ်ငယ်က သူ့မေမေက ရွှေပြည်နန်းသနပ်ခါးဘူး မဝယ်ပေးလို့ဆိုပြီး သူဖေဖေပြန်လာတော့ မေမေကို လူကြီးတစ်ယောက်စာလိုက်ပေးတယ် ဆိုပြီး တိုင်ပါတယ်… အဖြစ်မှန်လည်းပေါ်သွားရော… သူမှာကောင်းကောင်း အဆောခံရပါလေရော်… အဲဒီတုန်းက ဆိုးခဲ့ပေမယ့် ခုတော့ အရမ်းကို အိမ်ကို သိတတ်နားလည်တဲ့ သမီးလေးပါ… ကိုယ်တို့ကိုတောင် လာမဆုံနိုင်တော့ပါဘူး… M လည်း ဒီအတိုင်းပဲ… ကျောင်းပြီးကတည်းက ကလေးတွေကို စာသင်နေတာ အိမ်ကိုတစ်ဘက်တစ်လမ်းက ကူညီနေတာ… ပြောရင် ကိုယ်တို့ကပဲ အိမ်ကို မသိတတ် နားမလည်လို့ သူငယ်ချင်းတွေကို ချစ်တယ်လို့ဖြစ်အုံးမယ်…
အမြဲဆုံနေကျ T, C, K နဲ့ ကိုယ်တို့က အိမ်သိပ်မကပ်တဲ့သူတွေပါ… ကိုယ်ကတော့ ပြောစရာတောင်မလိုပါဘူး.. ကပ်စရာအိမ်ရယ်လို့လည်း ရှိတာမှမဟုတ်တာ… C မှာက အစ်ကို ၄ ယောက်၊ အစ်မ တစ်ယောက် ရှိပါတယ်… အိမ်မှာစကားပြောရင် သားသားနဲ့ပြောတတ်ပါတယ်… ယောကျာင်္းလျှာတော့ မဟုတ်ပါဘူး… သူက ကိုယ်တို့ကို ဘယ်လောက်ချစ်လဲဆို… ကိုယ်တို့အုပ်စုထဲမှာ တစ်ခါတစ်ခါ စိတ်အခံမသင့်တဲ့ အခါလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက်တစ်ကောက်ကြရင် သူဘယ်တော့မှ မပါတတ်ဘူး… အားလုံးကို ပြုံးပြီး ကြည့်နေတတ်တယ်… မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပေမယ့်… အုပ်စုထဲမှာတော့ သူက ကြီးပါတယ်… သူက လူကြီးဆန်တယ်… အားလုံးကို ခွင့်လွတ်တတ်တယ်… သူတစ်ခုခုအမှားလုပ်လိုက်ရင်လည်း ပြုံးပြတယ်… အားရပါးရကို ပြုံးပြတာပါ… သူက သူငယ်ချင်းတွေကို အချစ်ထက် တန်ဖိုးထားသူပါ.. ကောင်လေးနဲ့ ကိုယ်တို့နဲ့ ချိန်းတဲ့အချိန်တူနေရင် ကိုယ်တို့ဆီပဲလာတတ်သူပါ… နောက်ဆုံးအဲဒီကောင်လေးနဲ့ သူလမ်းခွဲလိုက်တယ်… ဒါလည်းသူက ပြုံးပြုံးလေးပါပဲ… သူက တစ်ခုခုဆို စိတ်ထဲမှာပဲ ထားတတ်တာ… တစ်ခုခုခံစားနေရရင် သူဘယ်တော့မှ ထုတ်ပြောလေ့မရှိဘူး… သူများပြောပြသမျှကျတော့ အားလုံးကို သူနားထောင်ပေးတယ်… ခက်ဘူးလား.. ခက်တော့မခက်ပါဘူး.. ကိုယ်တို့က မတော်တဆလေးပဲ ဖြစ်ဖြစ် သူအကြောင်းကို သိချင်သိသွားတတ်တယ်… မပြောပြလို့ဆိုပြီး စိတ်မဆိုးရက်ပြန်ဘူး.. သူအကျင့်ဆိုတာကို နားလည်နေသားပဲ…
တစ်ယောက်ယောက်နဲ့ ချိန်းထားရင် ကိုယ်တို့အားလုံးနီးပါး သူများနဲ့ဆိုရင်သာ အချိန်တိကျအောင် သွားရင်သွားမယ်… အချင်းချင်းချိန်းရင်တော့ နောက်ကျတတ်ပါတယ်… T များဆို သူနာရီကို နာရီဝက်တောင် မြန်ထားလိုက်သေးတယ်… သူနဲ့ချိန်းလိုက်ရင်တော့ နာရီဝက်လောက် သူ့ကိုစောင့်ရင် ဖတ်ဖို့ စာအုပ်တစ်အုပ်သာဆောင်ထားပါ… သေချာတယ်.. သူနောက်ကျဖို့… အဲဒီနောက်ကျတဲ့ အကြောင်းလောက်နဲ့ စိတ်ကောက်တတ်တာ ကိုယ်ပဲရှိပါတယ်… ကျန်တဲ့သူတွေက အေးဆေးပဲ… အဲဒီကိစ္စကြောင့်ပဲ ကိုယ်နဲ့သူ ခဏ ခဏကို စိတ်ကောက်ပါတယ်… အရင်ကတော့ သူက လိုက်ချော့လေ့ရှိပါတယ်… ဒါနဲ့ပဲ ကိုယ်ကလည်း အကျင့်ပါပြီး ကောက်မိရော… ခုကျတော့ သူပြောင်းလဲသွားပြီ… ကိုယ်ကောက်ရင် သူက ပြန်ကောက်သွားပါတယ်… ခုတောင် ကိုယ်တို့ကို သူ စိတ်ကောက်နေပါတယ်… ဒီစာကို သူဖတ်မိရင်တော့ ပြန်စိတ်ပြေသွားမလားပဲ… (မျှော်လင့်ချက်သက်သက်ပဲ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်…) သူက ကိုယ်တို့ထဲမှာ အတော်ဆုံးပါ…
ကိုယ်တို့အဖွဲ့ကို ကျောင်းပြီးကတည်းက စွန့်သွားတဲ့ S တစ်ယောက်ကတော့ လူကြီးလူကောင်းဆန်တဲ့ ယောကျာင်္းလေးပါ… စကားပြောရင် လူကြီးတစ်ယောက်လို ပြောတတ်တယ်… ကိုယ်တို့က ကလေးလိုပဲ နေတတ်ကြတော့ သူနဲ့က ပုံစံသိပ်မတူကြပါဘူး… အားလုံးထဲမှာ ကိုယ့်ကို သူတော်တော်တည့်ပါတယ်… အဲလိုတော့ ကိုယ့်ကိုယ်ကိုယ်ထင်တာပါပဲ… ခုတော့လည်း သူက ကိုယ်တို့ကို မေ့သွားပြီလား မသိပါဘူး… ဒီခေတ်မှာ ဖုန်းနံပါတ်လေးရှိရုံနဲ့တော့ အဆက်အသွယ်ရဖို့ မလွယ်လှပါဘူး… E-mail လောက်လေးရှိနေမှ.. အွန်လိုင်းအမြဲတတ်နေမှ ပါ.. ခုကိုယ်တို့တွေ အဆက်အသွယ် မပြတ်သွားဘူးဆိုတာလည်း ဒီလိုဆက်သွယ်ရလွယ်နေလို့ပါ… ကိုယ်တို့တွေက ဖုန်းဆက်ရပျင်းတဲ့သူတွေလေ… အဲဒါကြောင့် S နဲ့တွေ့ကြရင် သူ E-mail လေးတောင်းထားကြပါ…
ထွက်သွားတဲ့သူတွေ ထွက်သွားကြပေမယ့် သူတို့သာ ပြန်လာမယ်ဆိုရင် အရင်လိုပဲ ကိုယ်တို့က ဆက်ဆံနေမှာပါ… တကယ်တမ်းတော့ သူတို့တွေသာ ကိုယ့်ဘဝထဲကို ရောက်မလာခဲ့ဘူးဆိုရင် ကိုယ်ရန်ကုန်မှာ ဒီလိုနေနိုင်မယ်မထင်ပါဘူး… တစ်ခါတစ်ခါ မအားကြလို့ အဆက်အသွယ်များ ပြတ်သွားခဲ့ရင် Pက ပြောလေ့ရှိပါတယ်… ငါရူးတော့မယ်.. နင်တို့နဲ့ မတွေ့လို့ ဟာသလို့ပြောပေမယ့်… အဲဒါရင်ထဲက လာတဲ့စကားပါ… လွမ်းလိုက်တာ… အရမ်းချစ်တယ်… ဆိုတဲ့ စကားတွေကို ချစ်သူကိုသာ မပြောဖြစ်ရင်နေမယ်… သူငယ်ချင်းမလေးတွေကိုတော့ ခဏခဏပြောဖြစ်ပါတယ်…
ခုလည်း ဒီပိုစ့်ကို ရေးဖြစ်တာ M ကို ဟိုတစ်ရက်က ကားပေါ်ကနေလှမ်းတွေ့လိုက်တယ်… သူက ပန်းရောင်လေးဝတ်ပြီး မှတ်တိုင်မှာ ကားစောင့်နေတာပါ… ကိုယ်သူကို လှမ်းမြင်တဲ့အချိန်မှာ ကားက ပြန်ထွက်သွားပြီ … လှမ်းခေါ်ဖို့မမှီလိုက်ဘူး… တလမ်းလုံး အဲဒီအကြောင်းပဲ စဉ်းစားနေမိတာ… ခုချိန်ထိလည်း အဲဒီပုံလေးကို ပြန်မြင်ယောက်နေတုန်း…
အရမ်းစိတ်ညစ်တဲ့ အချိန်တွေဆို သူတို့နဲ့ပဲ တွေ့ချင်ပါတယ်… ပြဿနာတစ်ခုဖြစ်လို့ ကိုယ်ကမှားတယ်ဆိုရင်တောင် သူတို့က ကိုယ့်ဘက်မှာပါပဲ… တခြားလူတွေက ဆုံးမတယ်… သူတို့က အားပေးတယ်… ဟာသတွေပြောတယ်… ဟာသဘယ်လောက်များပြောသလဲဆို … P ဆို အမြဲခံရတယ်… သူက ကားရွေးတယ်… ကိုယ်တို့က သူကို ကားကူစောင့်ပေးတယ်… နောက်ပြီး စကားတွေပြောပြီး ရီ…. သူစီးမယ့်ကား ရောက်လာရင် သူက ကားပေါ်တတ်သွား…
ကားပေါ်ရောက်တော့ ကိုယ်တို့ပြောလိုက်တာတွေကို ပြန်တွေးမိပြီး တစ်ယောက်တည်း ပြုံးနေ… ကားပေါ်က သူတွေက သူကို တအံ့တသြကြည့်…
သူငယ်ချင်းတွေ အားလုံးဟာ ကိုယ်အတွက် မရှိမဖြစ် အရေးပါပါတယ်… သူတို့အားလုံးကိုလည်း ဒီအကြောင်းကို သိစေချင်ပါတယ်… အခုထည့်ရေးထားတဲ့ သူငယ်ချင်းတွေကိုပဲ ပြောတာမဟုတ်ပါဘူး… အားလုံးသော သူငယ်ချင်းတွေကို ရည်ရွယ်တာပါ… သောက်ဖော်သောက်ဖက် သူငယ်ချင်းတွေရော ပါပါတယ်နော်… သူတို့အကြောင်း ထည့်မရေးလို့ဆိုပြီး ကိုယ်နဲ့က တူတူ မသောက်ကြတော့ရင် ဒုက္ခ…
ခုဒီအုပ်စုလေး တစ်ခုတည်းနဲ့တင် ကိုယ့်စာက တော်တော်ရှည်သွားပါပြီ…
အဖြစ်အပျက်တွေ အားလုံး… သူငယ်ချင်းတွေ အားလုံး အကြောင်းရေးလိုက်ရင် … ကိုယ့်ရဲ့ အထ္တုပ္ပတ္တိ ဖြစ်သွားနိုင်ပါတယ်…
ဒီပိုစ့်ကိုရေးနေတုန်း သူငယ်ချင်းတွေကို ပထမတစ်ပိုင်းကို Mail ပို့လိုက့်ပါတယ် …
ဒါလေးတွေက ကိုယ်ဆီပြန်လာတဲ့စာလေးတွေပါ…
P : အမလေး sweet ရယ်။
ငါ့မှာဖတ်ပြီးမျက်ရည်များတောင်လည်ခဲ့မိပါတယ်။နင်ဘယ်လိုအင်အားမျိုးနဲ့များရေးခဲ့ပါလိမ့်။
ငါနင့်blog မှာဝင်ရေးပါအုံးမယ်။ our memories and souvenirs.
S : မျက်ရည်ကျအောင်လုပ်တာဟုတ်ပါဘူး...
ငါရေးချင်လွန်းလို့သာရေးတာ
ငါမနေ့က မေသွယ်ကို ကားပေါ်ကနေပဲ လှမ်းတွေ့လိုက်ရပြီး မခေါ်လိုက်ရ
စကား မပြောလိုက်ရတာ ငါ ခံစားရလွန်းလို့ ရေးတာ.
C : မျက်ရည်ဝဲမိတယ်။ ဒါပေမဲ့ ပြုံးလဲပြုံးမိတယ်။
အားလုံးနဲ့ပြေးတောင်တွေ့ချင်စိတ်ပေါက်လာတယ်။
ကျေးဇူးပဲဟာ..ငါတို့ကြားမှာ ဒီလိုလေးတွေက လိုကိုလိုတယ်လေဟာ။အမြဲသတိရဖို့၊
အမြဲတမ်းခင်နေဖို့ဆိုတာတွေ...
မပြောပြဖြစ်ပေမဲ့ စိတ်ထဲမှာအမြဲရှိနေတာတွေ နင်ရေးပေးတဲ့အတွက်...

Subscribe to:
Posts (Atom)