Saturday, March 7, 2009

တောင်ပေါ်လမ်း အမှတ်တရ...

ဒီတစ်ခါ တောင်ကြီးကနေ ပြန်လာတော့ အပြန်လမ်းက အမှတ်တရပုံလေးတွေပါ...

ကားပေါ်ကရိုက်လို့ ပုံက မကြည်ပါဘူး...


ဒါက တောင်ပေါ်အတတ်လမ်းကနေ တောင်အောက်ကိုလှမ်းရိုက်ထားတာပါ...



ဒါက ရှမ်းစက္ကူလို စက္ကူတွေနဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်လေးပါ... ဒီလိုဆိုင်လေးတွေကို ပင်းတယမှာလည်း တွေ့နိုင်ပါတယ်... ယက်တောင်၊ မီးပုံး၊ ထီး စတာလေးတွေ ရနိုင်ပါတယ်...



ကိုဘိုဖြူရဲ့မြေနီလမ်းတော့ မဟုတ်ပါဘူး... ရှမ်းပြည်မှာ ဒီလိုမြေနီလမ်းတွေ အများကြီးရှိပါတယ်... ကိုယ်တို့ရှမ်းပြည်က သူတွေအားလုံး မြေနီလမ်းမှာ လျှောက်ဖူးကြမှာပါ... မြေပြန့်ကမြေတွေက ကိုယ်တို့ ရှမ်းပြည်လိုမနီဘူး...



ကုန်စိမ်းတွေတင်ထားတဲ့ လှည်းတွေ ကားတွေပါ... လှည်းတွေက ရွာကနေ ကော်ဖီထုပ်တွေ သယ်လာပြီး ကားတွေက မြို့ရောက်အောင် ပြန်သယ်သွားကြမှာပါ... နောက်ဆုံး ရှမ်းပြည်က ကုန်စိမ်းတွေ ရန်ကုန် သီရိမင်္ဂလာဈေး အထိ ရောက်လာပါရော်...

ရှမ်းပြည်ကို လွမ်းရင် ပြန်ကြည့်ရအောင် ရိုက်ထားတာပါ... ကားပေါ်ကနေဆိုတော့ ပုံတွေက မကောင်းဘူး.. ဒါတွေတောင် အကောင်းဆုံးပုံတွေကို တင်ထားရတာ... ကိုယ်ကလည်း ဓါတ်ပုံရိုက်တာ ခပ်တော်တော်ရယ်...

Friday, March 6, 2009

ရွှေတိဂုံပေါ်က...

မနေ့ညနေက သူငယ်ချင်းတွေနဲ့ ဘုရားတတ်တယ်...
ကိုယ်တို့ဘုရားတတ်တာက ကုသိုလ်လုပ်တာက နည်းနည်း စိတ်ငြိမ်းချမ်းချင်လို့ သွားထိုင်နေတာများများပါ..


ဒါနဲ့ ကိုယ်တို့ထိုင်နေတဲ့နားက ဘုရားရုပ်ထုတွေကို မျက်စိထဲတွေ့တာနဲ့ ရိုက်ခဲ့တာပါ...



ဒီပုံလေးကတော့ မွေးနေ့တုန်းက ဘုရားပေါ်ရောက်တုန်း ရိုက်ခဲ့တာပါ...

Monday, March 2, 2009

မရှိမဖြစ် သူငယ်ချင်းများ...

ကိုယ်ဆီမှာ သူငယ်ချင်းတွေ အများကြီးရှိပါတယ်...
သူငယ်ချင်းဆိုတဲ့ စကားလုံးနောက်ကွယ်မှာ သံယောဇဉ်တွေ နားလည်မှုတွေ နားလည်ပေးမှုတွေ ဖေးမကူညီမှုတွေ စတဲ့
ဖွင့်ဆိုချက်တွေ အများကြီးရှိပါတယ်...
ကိုယ်က တောင်ကြီးမှာနေတယ်... နောက် မန္တလေးမှာကျောင်းတတ်တယ်...
ခုတော့ ရန်ကုန်မှာနေတာ ၇ နှစ်လောက်ရှိပြီ... ဆိုတော့ သူငယ်ချင်းတွေ နေရာပေါင်းစုံမှာရှိပါတယ်...
ကိုယ်အကြာဆုံးတွဲတဲ့ သူငယ်ချင်းတွေကတော့ ကိုယ်နဲ့ UFL တူတူတတ်ကြတဲ့ အုပ်စုပါ...
သူတို့နဲ့ တွဲတာ ၆ နှစ်ကျော်သွားပါပြီ...

ကိုယ်တို့စတွေစ အချိန်လေးတွေကို သတိတရရှိသေးတယ်... အဲဒီတုန်းက ကိုယ်က မန္တလေးကနေ ပြောင်းလာခါစဆိုတော့
မန္တလေးက တူတူပြောင်းလာတဲ့ သူတွေနဲ့ပဲတွဲဖြစ်သေးတာ... အခန်းထဲမှာကလည်း လူတိုင်းက အုပ်စုနဲ့နေကြတာပါ...
မန္တလေးတုန်းကတော့ ကိုယ်က ကိုယ်တစ်ယောက်တည်းပဲနေပါတယ်... ဘယ်အုပ်စုမှ ကိုယ့်အုပ်စုမဟုတ်ဘူး... ဒါပေမယ့် ကိုယ်နဲ့မခင်တဲ့ လူလည်းမရှိဘူး..
ရန်ကုန်လူနေမှုပုံစံကျတော့ အဲလိုနေလို့မဖြစ်ပြန်ဘူး...
မန္တလေးအုပ်စုပုံစံနဲ့ ကိုယ့်ပုံစံနဲ့ကျတော့လည်း တွဲလို့က အဆင်မပြေ... ကိုယ်တော်တော် စိတ်ညစ်ရပါတယ်... အဲဒီအချိန်မှာ ... ခုသူငယ်ချင်းတွေထဲမှာ
ကိုယ့်နဲ့တောင်ကြီးမှာ state တူတူတတ်ခဲ့တဲ့ တစ်ယောက်ပါပါတယ်... သူကြောင့် ဒီအခင်ရဆုံးအုပ်စုနဲ့ ကိုယ်စတွေ့ပါတယ်...

တစ်ရက်... ကိုယ်ကို Main ထဲသွားပြီး ဓါတ်ပုံရိုက်ရအောင်တဲ့ သူတို့က လာခေါ်တယ်... အတန်းလစ်ပြီး ကိုယ်လိုက်သွားရကစပြီး... သူတို့တွေဘယ်လောက်
ခင်ဖို့ကောင်းလဲဆိုတာ ရှာဖွေတွေ့ရှိသွားတယ်... အဲဒီအုပ်စုမှာ ကိုယ်အပါအဝင် ၉ ယောက်ရှိခဲ့တယ်...




အဲဒီနေ့က ရိုက်ထားတဲ့ပုံလေးတွေပါ...

တစ်ယောက်ကတော့ အဲဒီနှစ်ကျောင်းပိတ်ချိန်မှာပဲ..
အိမ်ထောင်ကျသွားလို့ ကျောင်းပါထွက်လိုက်တယ်...


ဒီပုံကတော့ Second Year, Second semester မှာ ရိုက်ခဲ့တာလို့ ထင်ပါတယ်...




ကျောင်းမှာ Oral ဖြေပြီး စားသောက်နေကြတာပါ...

ကျောင်းပြီးတဲ့အချိန်ထိတော့ ကျန်တဲ့ ၈ ယောက်က အမြဲတတွဲတွဲပါ...




ဘွဲ့ယူတဲ့နေ့က UFL ထဲအထိ တကူးတက သွားရိုက်ခဲ့တာပါ... ကျောင်းအလယ်က မြက်ခင်းပြင်မှာ ဒီနေရာလေးက ကိုယ်တို့ ကျောင်းတတ်တုန်းက ထိုင်နေကျနေရာလေးပါ...



ကျောင်းဆောင်ပေါ် အထိတက်ရိုက်ခဲ့တာ... ဆရာမဆူတာတောင် ခံခဲ့ရသေးတယ်... ကိုယ်တို့များ ကျောင်းပြီးတာတောင် အဆူခံရတုန်း...


UFL က University of Foreign Languages လို့မခေါ်ပဲ University of Female Languages လို့ပြောင်းခေါ်ရလောက်အောင် မိန်းကလေးများတဲ့ကျောင်းပါ..
ကိုယ်တို့အခန်းထဲမှာ ယောကျာင်္းလေး ၂ ယောက်ပဲရှိပါတယ်... အဲဒီ ၂ယောက်က ကိုယ်တို့ ၈ ယောက်ထဲကပေါ့... ကျောင်းပြီးသွားချိန်ကျတော့ ...
ယောကျာင်္းလေးတစ်ယောက် ... မိန်းကလေးတစ်ယောက်... သူတို့ ၂ ယောက် ကိုယ်တို့ဆီကထွက်သွားပြန်ရော... ထွက်သွားတယ်ရယ်လို့ ဟုတ်ချင်မှလည်း
ဟုတ်ပါလိမ့်မယ်... အကြောင်းမတိုက်ဆိုင်တော့ ကိုယ်တို့တွေဖို့ ပြောလိုက်တိုင်း သူတို့၂ယောက်မလာတာများပါတယ်...

ဒီလိုနဲ့ပဲ အဆက်အသွယ်တွေ ပြတ်ကုန်ရော...
ကျန်တဲ့သူတွေကတော့ အားလား လို့သာ မေးလိုက် အထာပေါက်ပြီးသား.. အားအားမအားအား ကို လာတာပဲ...

Sunday တိုင်း နီးပါး ကိုယ်တို့သူငယ်ချင်းတွေ တစ်နေရာရာမှာ ဆုံဖြစ်တတ်ကြတယ်... ကျောင်းပြီးတာ ကြာခဲ့ပေမယ့် အတွဲမပျက်ကြဘူး...
ဟိုအရင်လပိုင်းလောက်တုန်းကတော့ ကိုယ်နဲ့ state တူတူတတ်ခဲ့တဲ့ တစ်ယောက်က နိုင်ငံခြားသွားလိုက်ပြန်ပါတယ်...
သူသွားသွားချင်းမှာ ကိုယ်တို့တွေ တွေ့တိုင်း သူကိုပဲ သတိတရဖြစ်နေတတ်တယ်... ကိုယ်ဆို သူသွားတဲ့နေမှာ အလုပ်တောင်မတတ်နိုင်ဘူး...
သူငယ်ချင်းလိုထက် ညီအစ်မတွေလိုပါ ချစ်ကြတာပါ... ကိုယ်တို့ကြားမှာ ပြိုင်တာဆိုင်တာမရှိဘူး.. တစ်ယောက်နဲ့တစ်ယောက် မနာလိုဖြစ်တာမရှိဘူး...
တစ်ယောက်ပျော်ရင် အားလုံးပျော်ကြသလို တစ်ယောက်စိတ်ညစ်ရင်လည်း အားလုံးစိတ်ညစ်ကြတယ်...
နောက်ဆုံး စိတ်ညစ်စရာဆိုရင် အားလုံးစုံတဲ့အချိန်မှာ မပြောဖြစ်တဲ့အထိပါ... ကိုယ်ပြောလိုက်လို့ အားလုံးပျော်နေတာလေးတွေ ပျောက်သွားမှာစိုးလို့ပါ...

စိတ်ညစ်စရာရှိရင် ကိုယ်နဲ့တူတူရှိတဲ့တစ်ယောက်ယောက်ကို ဖြစ်ဖြစ်ပြောပြလိုက်တယ်.. ပြီးတော့ အဲဒီတစ်ယောက်က ကျန်တဲ့သူတွေကို ပြောပြပေးတယ်..
ဘယ်သူဘယ်သူမှ ငါအရင်ဆုံးမသိရလို့ ဆိုပြီး စိတ်ကောက်တာမျိုးမလုပ်ကြပါဘုး... အားလုံးဝိုင်းပြီး စိတ်ညစ်နေတဲ့တစ်ယောက်ကို ပျော်အောင်ကြိုးစားပေးကြတယ်..
တစ်ခါကများဆို တစ်ယောက်က သူကို အတိုကောက် W လို့နာမည်ပေးပါမယ် သူအဖွား ချော်လဲတယ်ဆိုပြီး ကျောင်းကခွင့်ယူပါတယ်... ကိုယ်တို့တွေ အားလုံးစိတ်ပူကြတာ... ပြီးတော့ လိုက်သွားကြည့်ကြတယ်..
ထင်တယ်... နောက်အိပ်ယာထဲလှဲပြီး ခြေထောက်ကျိုးနေတဲ့ သူအဖွားက ကိုယ့်အမေအရွယ်လောက်ပဲ ရှိသေးတယ်...
ကိုယ်ကသာ ကိုယ့်အမေအရွယ် ... တစ်ချို့ရဲ့ အမေတွေက သူအဖွားထက်တောင်ကြီးနေသေးတယ်... ကိုယ်တို့မှာ တွေးပြီးစိတ်တွေပူနေတာတောင် ..
ရီရခက် ငိုရခက်ဖြစ်ရသေးတယ်...

အဲလို အမှတ်တရအဖြစ်အပျက်လေးတွေ ကိုယ်တို့ဆီမှာ အများကြီးပါ... ကြုံတဲ့အခါတွေမှာ ရေးပါအုံးမယ်...
ကိုယ်တို့တွေရဲ့ တူညီတဲ့အကျင့်က ကော်ဖီကြိုက်တာပါ... နောက်ပြီး တစ်ယောက်အကြောင်းတစ်ယောက် မကောင်းဘယ်တော့မှ ပြောလေ့မရှိပါဘူး...
မကောင်းတာလုပ်ရင်တောင်မှာ ငါသူငယ်ချင်းစိတ်ချမ်းသာသလိုသာနေ... ငါတို့ရှိတယ်ဆိုတာမျိုးပါ...
ဒီတစ်လိုကိစ္စမျိုးကို တစ်ခြားသူတစ်ယောက်ယောက်လုပ်နေရင် ကိုယ်တို့ ရေရေလည်လည်ပြောဖြစ်မှာပါ...
ကိုယ့်သူငယ်ချင်းကျတော့ မကောင်းမမြင်နိုင်ပါဘူး...

ရုပ်ရှင်ကြည့်ဖို့ ကိစ္စကလွဲလို့ ကိုယ်တို့ကြားမှာ ညှိမရတဲ့ ကိစ္စမရှိပါဘူး... ဒီကိစ္စညှိလို့မရတာ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး... ,သူကို အတိုကောက် P လို့နာမည်ပေးပါမယ် သူက ငါကနင်တို့နဲ့ တွေ့ပြီး နင်တို့မျက်နှာလေးကြည့်ပြီး စကားပြောချင်တာ ... ရုပ်ရှင်ရုံထဲမှာဆို အချိန်ကုန်သွားပြီး နင်တို့တွေနဲ့ စကားလည်း မပြောရဘူး... မှောင်နေလို့ မျက်နှာလည်း မမြင်ရဘူး အဲလို ငြင်းလေ့ရှိပါတယ်...(မိန်းကလေးချင်းကိုများ သူက မျက်နှာလေးကြည့်ပြီး စကားပြောချင်သေးတာတဲ့ ချစ်ကြပုံများ...) အဲဒါကို C က တစ်ခါတစ်ခါဆို လှောင်ပါတယ်... နင်မကြည့်ချင်ရင် အပြင်မှာစောင့်နေလေ.. ငါတို့ဝင်ကြည့်မယ်... ပြီးမှတွေ့မယ် ဆိုတာမျိုးပါ... နောက်ဆုံးတော့ ရုပ်ရှင်သွားကြည့်ရင် သူမပါတဲ့နေ့မျိုးမှာ သွားကြပါတယ်... တစ်ခါတစ်ခါတော့ သူလိုက်ကြည့်ပါတယ်...

ကိုယ်တို့တွေ တွေ့နေကြနေရာက မြေနီကုန်းပတ်ဝန်းကျင်မှာပါ... Blazon၊ ရွှေရည်၊ Moon တွေမှာထိုင်လေ့ရှိပါတယ်... Blazon ကိုအကြိုက်ဆုံးပါပဲ... သွားရလာရခက်တယ်... ဒါပေမယ့် အဲဒီမှာ ထိုင်ရတာ ငြိမ်းချမ်းပါတယ်... အဲဒီကိုမှာချိန်းရင် လာရအဆင်ပြေတဲ့သူ ဘယ်သူမှမရှိပါဘူး... ဥပမာ... Parisian ဆိုရင် ကိုယ်ကအဆင်ပြေတယ်... ရုံးကနေသွားလိုက်ရုံပဲ... T လို့ခေါ်တဲ့ ကိုယ့်တို့ အုပ်စုထဲက တစ်ဦးတည်းသော ယောကျာင်္းလေးကကျတော့ သူက မြို့ထဲမှာပဲနေတော့ အပြန်အဆင်ပြေတယ်... C အတွက်တော့ အသွားရော အပြန်ရော အဆင်မပြေပါဘူး... သူက ကြည့်မြင်တိုင်မှာနေလို့ပါ... P က အင်းစိန်မှာနေတော့ ပိုတောင်ဆိုးပါတယ်... အပြင်ထွက်သွားတဲ့ K ကတော့ ဘယ်မှာချိန်းချိန်းရောက်အောင်လာပါတယ်...

ကိုယ်တို့ထဲမှာ K က ဝတ်တတ်စားတတ်ပါ... သူက ကပြားဆိုတော့ တော်တော်လေး အသားအရည်လှတယ်... ပြီးတော့ ချစ်စရာလည်း ကောင်းတယ်... အင်္ဂလိပ်၊ ရှမ်း လူမျိုးတွေစပ်တာလို့ အသားက ဖွေးဖြူဖြူလေးပါ… မျက်လုံးတွေက အညိုရောင် (ပျားရည်ရောင်လို့လည်း ပြောလို့ရပါတယ်…) သတ္တိလည်း ရှိတယ်… ဘယ်ရောက်ရောက် သူမကြောက်တတ်ဘူး… ခုလည်းကိုယ်တို့အားလုံးကို ထားပြီး ထွက်သွားတာပဲ… သူပြောနေကျ စကားတစ်ခွန်းရှိပါတယ်… ပိုက်ဆံရှိဖို့ပဲလိုတယ်… ဘယ်သူရှိရှိ မရှိရှိ ငါအတွက်ကိစ္စမရှိဘူး တဲ့… သူစပြောတုန်းကတော့ အဲဒီစကားကို ကတယ်လို့ပဲ ထင်ခဲ့ကြတာ… သူသွားမယ့် မနက်မှာ ကိုယ်တို့တွေ လေဆိပ်ရောက်တော့ မမချောက ငိုတယ်… ပြီးတော့ ငါမသွားချင်တော့ဘူးတဲ့… ကိုယ်တို့တွေကို ချစ်ကြောင်းရေးထားတဲ့ စာတစ်စောင်ပေးခဲ့တယ်… စာလေးကတစ်စောင်တည်းဆိုတော့ ကိုယ်တို့မှာ မိတ္တူဆွဲပြီး သိမ်းရသေးတယ်…တစ်ခုပါပဲ.. သူကိုယ်တို့ကို ပုံပြင်ပြောသွားတယ်…

K က အပြင်မှာလှပေမယ့် ဓါတ်ပုံတော့ မစားဘူး… ဓါတ်ပုံစားတာက P … သူကပိန်ပိန်လေး၊ ဘယ်လိုလေးနေနေ လှနေတာ… ဓါတ်ပုံထဲမှာဆို ကဗျာဆန်နေရော… ကိုယ်သူငယ်ချင်းမို့လားသိဘူး.. သူတို့အားလုံးကို လှတယ်လို့ ကိုယ်မြင်ပါတယ်… M ရှိသေးတယ်… သူက စာတော်တယ်… ကြိုးစားတယ်… ရောက်တဲ့နေရာတိုင်းမှာ ပထမနီးပါးပဲ… သူမှာလည်း အမှတ်တရတွေ အများကြီးပါ… သူငယ်ငယ်က သူ့မေမေက ရွှေပြည်နန်းသနပ်ခါးဘူး မဝယ်ပေးလို့ဆိုပြီး သူဖေဖေပြန်လာတော့ မေမေကို လူကြီးတစ်ယောက်စာလိုက်ပေးတယ် ဆိုပြီး တိုင်ပါတယ်… အဖြစ်မှန်လည်းပေါ်သွားရော… သူမှာကောင်းကောင်း အဆောခံရပါလေရော်… အဲဒီတုန်းက ဆိုးခဲ့ပေမယ့် ခုတော့ အရမ်းကို အိမ်ကို သိတတ်နားလည်တဲ့ သမီးလေးပါ… ကိုယ်တို့ကိုတောင် လာမဆုံနိုင်တော့ပါဘူး… M လည်း ဒီအတိုင်းပဲ… ကျောင်းပြီးကတည်းက ကလေးတွေကို စာသင်နေတာ အိမ်ကိုတစ်ဘက်တစ်လမ်းက ကူညီနေတာ… ပြောရင် ကိုယ်တို့ကပဲ အိမ်ကို မသိတတ် နားမလည်လို့ သူငယ်ချင်းတွေကို ချစ်တယ်လို့ဖြစ်အုံးမယ်…

အမြဲဆုံနေကျ T, C, K နဲ့ ကိုယ်တို့က အိမ်သိပ်မကပ်တဲ့သူတွေပါ… ကိုယ်ကတော့ ပြောစရာတောင်မလိုပါဘူး.. ကပ်စရာအိမ်ရယ်လို့လည်း ရှိတာမှမဟုတ်တာ… C မှာက အစ်ကို ၄ ယောက်၊ အစ်မ တစ်ယောက် ရှိပါတယ်… အိမ်မှာစကားပြောရင် သားသားနဲ့ပြောတတ်ပါတယ်… ယောကျာင်္းလျှာတော့ မဟုတ်ပါဘူး… သူက ကိုယ်တို့ကို ဘယ်လောက်ချစ်လဲဆို… ကိုယ်တို့အုပ်စုထဲမှာ တစ်ခါတစ်ခါ စိတ်အခံမသင့်တဲ့ အခါလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက်တစ်ကောက်ကြရင် သူဘယ်တော့မှ မပါတတ်ဘူး… အားလုံးကို ပြုံးပြီး ကြည့်နေတတ်တယ်… မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပေမယ့်… အုပ်စုထဲမှာတော့ သူက ကြီးပါတယ်… သူက လူကြီးဆန်တယ်… အားလုံးကို ခွင့်လွတ်တတ်တယ်… သူတစ်ခုခုအမှားလုပ်လိုက်ရင်လည်း ပြုံးပြတယ်… အားရပါးရကို ပြုံးပြတာပါ… သူက သူငယ်ချင်းတွေကို အချစ်ထက် တန်ဖိုးထားသူပါ.. ကောင်လေးနဲ့ ကိုယ်တို့နဲ့ ချိန်းတဲ့အချိန်တူနေရင် ကိုယ်တို့ဆီပဲလာတတ်သူပါ… နောက်ဆုံးအဲဒီကောင်လေးနဲ့ သူလမ်းခွဲလိုက်တယ်… ဒါလည်းသူက ပြုံးပြုံးလေးပါပဲ… သူက တစ်ခုခုဆို စိတ်ထဲမှာပဲ ထားတတ်တာ… တစ်ခုခုခံစားနေရရင် သူဘယ်တော့မှ ထုတ်ပြောလေ့မရှိဘူး… သူများပြောပြသမျှကျတော့ အားလုံးကို သူနားထောင်ပေးတယ်… ခက်ဘူးလား.. ခက်တော့မခက်ပါဘူး.. ကိုယ်တို့က မတော်တဆလေးပဲ ဖြစ်ဖြစ် သူအကြောင်းကို သိချင်သိသွားတတ်တယ်… မပြောပြလို့ဆိုပြီး စိတ်မဆိုးရက်ပြန်ဘူး.. သူအကျင့်ဆိုတာကို နားလည်နေသားပဲ…

တစ်ယောက်ယောက်နဲ့ ချိန်းထားရင် ကိုယ်တို့အားလုံးနီးပါး သူများနဲ့ဆိုရင်သာ အချိန်တိကျအောင် သွားရင်သွားမယ်… အချင်းချင်းချိန်းရင်တော့ နောက်ကျတတ်ပါတယ်… T များဆို သူနာရီကို နာရီဝက်တောင် မြန်ထားလိုက်သေးတယ်… သူနဲ့ချိန်းလိုက်ရင်တော့ နာရီဝက်လောက် သူ့ကိုစောင့်ရင် ဖတ်ဖို့ စာအုပ်တစ်အုပ်သာဆောင်ထားပါ… သေချာတယ်.. သူနောက်ကျဖို့… အဲဒီနောက်ကျတဲ့ အကြောင်းလောက်နဲ့ စိတ်ကောက်တတ်တာ ကိုယ်ပဲရှိပါတယ်… ကျန်တဲ့သူတွေက အေးဆေးပဲ… အဲဒီကိစ္စကြောင့်ပဲ ကိုယ်နဲ့သူ ခဏ ခဏကို စိတ်ကောက်ပါတယ်… အရင်ကတော့ သူက လိုက်ချော့လေ့ရှိပါတယ်… ဒါနဲ့ပဲ ကိုယ်ကလည်း အကျင့်ပါပြီး ကောက်မိရော… ခုကျတော့ သူပြောင်းလဲသွားပြီ… ကိုယ်ကောက်ရင် သူက ပြန်ကောက်သွားပါတယ်… ခုတောင် ကိုယ်တို့ကို သူ စိတ်ကောက်နေပါတယ်… ဒီစာကို သူဖတ်မိရင်တော့ ပြန်စိတ်ပြေသွားမလားပဲ… (မျှော်လင့်ချက်သက်သက်ပဲ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်…) သူက ကိုယ်တို့ထဲမှာ အတော်ဆုံးပါ…

ကိုယ်တို့အဖွဲ့ကို ကျောင်းပြီးကတည်းက စွန့်သွားတဲ့ S တစ်ယောက်ကတော့ လူကြီးလူကောင်းဆန်တဲ့ ယောကျာင်္းလေးပါ… စကားပြောရင် လူကြီးတစ်ယောက်လို ပြောတတ်တယ်… ကိုယ်တို့က ကလေးလိုပဲ နေတတ်ကြတော့ သူနဲ့က ပုံစံသိပ်မတူကြပါဘူး… အားလုံးထဲမှာ ကိုယ့်ကို သူတော်တော်တည့်ပါတယ်… အဲလိုတော့ ကိုယ့်ကိုယ်ကိုယ်ထင်တာပါပဲ… ခုတော့လည်း သူက ကိုယ်တို့ကို မေ့သွားပြီလား မသိပါဘူး… ဒီခေတ်မှာ ဖုန်းနံပါတ်လေးရှိရုံနဲ့တော့ အဆက်အသွယ်ရဖို့ မလွယ်လှပါဘူး… E-mail လောက်လေးရှိနေမှ.. အွန်လိုင်းအမြဲတတ်နေမှ ပါ.. ခုကိုယ်တို့တွေ အဆက်အသွယ် မပြတ်သွားဘူးဆိုတာလည်း ဒီလိုဆက်သွယ်ရလွယ်နေလို့ပါ… ကိုယ်တို့တွေက ဖုန်းဆက်ရပျင်းတဲ့သူတွေလေ… အဲဒါကြောင့် S နဲ့တွေ့ကြရင် သူ E-mail လေးတောင်းထားကြပါ…

ထွက်သွားတဲ့သူတွေ ထွက်သွားကြပေမယ့် သူတို့သာ ပြန်လာမယ်ဆိုရင် အရင်လိုပဲ ကိုယ်တို့က ဆက်ဆံနေမှာပါ… တကယ်တမ်းတော့ သူတို့တွေသာ ကိုယ့်ဘဝထဲကို ရောက်မလာခဲ့ဘူးဆိုရင် ကိုယ်ရန်ကုန်မှာ ဒီလိုနေနိုင်မယ်မထင်ပါဘူး… တစ်ခါတစ်ခါ မအားကြလို့ အဆက်အသွယ်များ ပြတ်သွားခဲ့ရင် Pက ပြောလေ့ရှိပါတယ်… ငါရူးတော့မယ်.. နင်တို့နဲ့ မတွေ့လို့ ဟာသလို့ပြောပေမယ့်… အဲဒါရင်ထဲက လာတဲ့စကားပါ… လွမ်းလိုက်တာ… အရမ်းချစ်တယ်… ဆိုတဲ့ စကားတွေကို ချစ်သူကိုသာ မပြောဖြစ်ရင်နေမယ်… သူငယ်ချင်းမလေးတွေကိုတော့ ခဏခဏပြောဖြစ်ပါတယ်…

ခုလည်း ဒီပိုစ့်ကို ရေးဖြစ်တာ M ကို ဟိုတစ်ရက်က ကားပေါ်ကနေလှမ်းတွေ့လိုက်တယ်… သူက ပန်းရောင်လေးဝတ်ပြီး မှတ်တိုင်မှာ ကားစောင့်နေတာပါ… ကိုယ်သူကို လှမ်းမြင်တဲ့အချိန်မှာ ကားက ပြန်ထွက်သွားပြီ … လှမ်းခေါ်ဖို့မမှီလိုက်ဘူး… တလမ်းလုံး အဲဒီအကြောင်းပဲ စဉ်းစားနေမိတာ… ခုချိန်ထိလည်း အဲဒီပုံလေးကို ပြန်မြင်ယောက်နေတုန်း…

အရမ်းစိတ်ညစ်တဲ့ အချိန်တွေဆို သူတို့နဲ့ပဲ တွေ့ချင်ပါတယ်… ပြဿနာတစ်ခုဖြစ်လို့ ကိုယ်ကမှားတယ်ဆိုရင်တောင် သူတို့က ကိုယ့်ဘက်မှာပါပဲ… တခြားလူတွေက ဆုံးမတယ်… သူတို့က အားပေးတယ်… ဟာသတွေပြောတယ်… ဟာသဘယ်လောက်များပြောသလဲဆို … P ဆို အမြဲခံရတယ်… သူက ကားရွေးတယ်… ကိုယ်တို့က သူကို ကားကူစောင့်ပေးတယ်… နောက်ပြီး စကားတွေပြောပြီး ရီ…. သူစီးမယ့်ကား ရောက်လာရင် သူက ကားပေါ်တတ်သွား…
ကားပေါ်ရောက်တော့ ကိုယ်တို့ပြောလိုက်တာတွေကို ပြန်တွေးမိပြီး တစ်ယောက်တည်း ပြုံးနေ… ကားပေါ်က သူတွေက သူကို တအံ့တသြကြည့်…

သူငယ်ချင်းတွေ အားလုံးဟာ ကိုယ်အတွက် မရှိမဖြစ် အရေးပါပါတယ်… သူတို့အားလုံးကိုလည်း ဒီအကြောင်းကို သိစေချင်ပါတယ်… အခုထည့်ရေးထားတဲ့ သူငယ်ချင်းတွေကိုပဲ ပြောတာမဟုတ်ပါဘူး… အားလုံးသော သူငယ်ချင်းတွေကို ရည်ရွယ်တာပါ… သောက်ဖော်သောက်ဖက် သူငယ်ချင်းတွေရော ပါပါတယ်နော်… သူတို့အကြောင်း ထည့်မရေးလို့ဆိုပြီး ကိုယ်နဲ့က တူတူ မသောက်ကြတော့ရင် ဒုက္ခ…
ခုဒီအုပ်စုလေး တစ်ခုတည်းနဲ့တင် ကိုယ့်စာက တော်တော်ရှည်သွားပါပြီ…
အဖြစ်အပျက်တွေ အားလုံး… သူငယ်ချင်းတွေ အားလုံး အကြောင်းရေးလိုက်ရင် … ကိုယ့်ရဲ့ အထ္တုပ္ပတ္တိ ဖြစ်သွားနိုင်ပါတယ်…





ဒီပိုစ့်ကိုရေးနေတုန်း သူငယ်ချင်းတွေကို ပထမတစ်ပိုင်းကို Mail ပို့လိုက့်ပါတယ် …
ဒါလေးတွေက ကိုယ်ဆီပြန်လာတဲ့စာလေးတွေပါ…

P : အမလေး sweet ရယ်။
ငါ့မှာဖတ်ပြီးမျက်ရည်များတောင်လည်ခဲ့မိပါတယ်။နင်ဘယ်လိုအင်အားမျိုးနဲ့များရေးခဲ့ပါလိမ့်။
ငါနင့်blog မှာဝင်ရေးပါအုံးမယ်။ our memories and souvenirs.


S : မျက်ရည်ကျအောင်လုပ်တာဟုတ်ပါဘူး...
ငါရေးချင်လွန်းလို့သာရေးတာ
ငါမနေ့က မေသွယ်ကို ကားပေါ်ကနေပဲ လှမ်းတွေ့လိုက်ရပြီး မခေါ်လိုက်ရ
စကား မပြောလိုက်ရတာ ငါ ခံစားရလွန်းလို့ ရေးတာ.


C : မျက်ရည်ဝဲမိတယ်။ ဒါပေမဲ့ ပြုံးလဲပြုံးမိတယ်။
အားလုံးနဲ့ပြေးတောင်တွေ့ချင်စိတ်ပေါက်လာတယ်။
ကျေးဇူးပဲဟာ..ငါတို့ကြားမှာ ဒီလိုလေးတွေက လိုကိုလိုတယ်လေဟာ။အမြဲသတိရဖို့၊
အမြဲတမ်းခင်နေဖို့ဆိုတာတွေ...
မပြောပြဖြစ်ပေမဲ့ စိတ်ထဲမှာအမြဲရှိနေတာတွေ နင်ရေးပေးတဲ့အတွက်...

Wednesday, February 25, 2009

ဘာသာစကားစိတ်ဝင်စားသူများအတွက်

ကိုယ်က Guide ဖြစ်ချင်သူပီပီ... ဘာသာစကားတွေကို လေ့လာရတာ ပျော်ပါတယ်...
ပြင်သစ်စကား၊ အင်္ဂလိပ်စကားတွေကို လောလောဆယ်ပြောတတ်ပါတယ်...
မနေ့က သူငယ်ချင်းတစ်ယောက်ပေးတဲ့ ဆိုက်လေးတစ်ခုကိုမျှချင်ပါတယ်...
http://www.livemocha.com ပါ
အဲဒီမှာ ဘာသာစကားတွေအများကြီးကို လေ့လာသင်ကြားနိုင်ပါတယ်...
ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ဆရာလုပ်လို့ရပါသေးတယ်...

Tuesday, February 24, 2009

စာမျက်နှာ တစ်ဆယ့်ငါး

ကိုလေးဖြူရဲ့ BOB ခွေရဲ့ နောက်ဆုံးအပုဒ်ရဲ့ သီချင်းခေါင်းစဉ်က
စာမျက်နှာ တစ်ဆယ့်ငါး ပါ...
သီချင်းစာသားတွေကတော့ ဘယ်ဆီကိုမင်းရောက်နေလဲ
ဘာတွေကိုမင်းလုပ်နေမလဲ
ဘယ်သူနဲ့မင်းရှိနေမလဲ....
တဲ့
စာသားနဲ့ ခေါင်းစဉ်နဲ့ ဘယ်လိုဆက်စပ်တွေးရမလဲတောင် မသိပါဘူး...
သီချင်းကတော့ နိုင်ငံတော်သီချင်းလို့ ခေါ်ရလောက်အောင် ပေါက်သွားပါတယ်...

ဟိုနေ့ကမှ တစ်ယောက်ကပြောပြပါတယ်... အဲဒီဆက်စပ်မှုကို... အားလုံးကို သိစေချင်လို့ ဒီပိုစ့်ကိုရေးတာပါ...
ရေးခွင့်ရှိမရှိတော့မသိပါဘူး... ဒါပေမယ့် ရေးပါ့မယ်...

စာမျက်နှာ တစ်ဆယ်ငါး ကို အင်္ဂလိပ်လိုရေးရင် Page 15 ပါ...
အဲဒီက P ကို ဖြုတ်... ဒါဆို AGE 15 ရပါတယ်...
တကယ်တမ်းတော့ အသက် ၁၅ နှစ်တုန်းက မိန်းကလေးတစ်ယောက်ကို တမ်းတပြီးရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ပါ...

ဒါကြောင့် အတိတ်တွေက မှုန်ဝါးပေမယ့်... ဆိုတာမျိုးတွေပါနေတာပါ...
ဒီအကြောင်းတွေကို သိလိုက်ရမှ သီချင်းကို အပြည့်အဝခံစားပြီး နားထောင်လို့ပိုကောင်းသွားပါတယ်...
ဒါမှ ကိုယ်ရဲ့ စာမျက်နှာတစ်ဆယ့်ငါး ကိုမြင်ယောင်ပြီး ခံစားလို့ရသွားမှာပါ...
ကိုယ်တော့ တော်တော်ပြန်စဉ်းစားယူလိုက်ရတယ်...

Saturday, February 21, 2009

ဖျားပြီ...

ဒီရက်ပိုင်း ရာသီဥတုက ချက်ခြင်းကြီးပူလာတယ်...
ကိုယ်နေပူမိပြီး နာစေးချောင်းဆိုးတွေ ဖြစ်ပြီး ဖျားရော...
မနေ့ကတစ်ရက်တော့ အလုပ်က ခွင့်ယူလိုက်သေးတယ်...
ဒီနေ့တော့ အိမ်မှာ နေရမှာ ပျင်းတာနဲ့ နေမကောင်းသေးပဲ အလုပ်လာတတ်လိုက်တယ်...

ဖျားတိုင်း အဲလိုပဲ အိမ်မှာမနေချင်ဘူး... သွားစရာရှိတာ ပေတေပြီး သွားလိုက်တာပဲ... ဆေးသောက်ရမှာလည်း အလွန်ပျင်း...
နေရင်းနေရင်းနဲ့တော့ သူအလိုလိုပျောက်သွားတတ်တာပဲကို...

မနေ့က ဂျာနယ်တစ်စောင်မှာ ဖတ်မိတယ်... အိပ်ပုတ်ကြီးတဲ့သူတွေမှာ အအေးမိတာမဖြစ်တတ်ဘူးတဲ့...
တစ်ရက်ကို ၇ နာရီထက်နည်းပြီး အိပ်ရင် ပိုပြီးအအေးပတ်တတ်တယ်...
၈ နာရီထက်ပိုအိပ်တဲ့သူတွေမှာတော့ အအေးမိနိုင်ဘူးတဲ့...

ကိုယ်လို ညကို ၁၂ နာရီ အစောဆုံးအိပ်တဲ့သူကတော့ ၈ နာရီကျော်အောင်အိပ်ဖို့ မလွယ်ပါဘုး...
ဒီလိုပဲ ရာသီဥတုပြောင်းရင် ကိုယ်ဖျားပြီ...
တစ်နှစ်ကို အနည်းဆုံး ၄ ခါလောက်ကတော့ ဒီလိုဖြစ်နေကျ... အကျင့်တောင်ပါသွားပြီထင်ရဲ့...

ရန်ကုန်ရာသီဥတုကလည်း ပူတော့ ရေလည်းချိုးရတာပဲ... ဖျားလို့ဆိုပြီး အိပ်ယာထဲနေတော့လည်း ပူလို့စိတ်ညစ်ရ...
အဲဒါနဲ့ပဲ လျှောက်ပတ်သွားနေလိုက်တယ်... ရန်ကုန်မှာ ဖျားရတာ ဇိမ်မရှိပါဘူး... တောင်ကြီးမှာဆို အိပ်ယာထဲမှာ သီချင်းလေးနားထောင်လိုက် စာလေးဖတ်လိုက် ပျင်းလာရင် ခွေလေးကြည့်လိုက်.. ဟဟ.. ဇိမ်ပဲ...
အချိန်တန်ရင် စားလိုက်သောက်လိုက်...
ဒီအချိန်ဆို မေမေ့ကိုလွမ်းလိုက်တာ...

Thursday, February 19, 2009

အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ...

တောင်ကြီးကနေ ကိုယ်ထွက်လာတာ... ခုဆို ၇ နှစ် ဂ နှစ်လောက်ရှိပါပြီ... ပထမကျောင်းတတ်မယ်.. ပြင်သစ်စကားသင်မယ်... ပြီးရင် တောင်ကြီးမှာ Station Guide လုပ်မယ်ဆိုပြီး ပြန်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ပါ...
ပထမတစ်နှစ် မန္တလေးမှာ ကျောင်းတတ်တယ်... နောက်တော့ ရန်ကုန်ပြောင်းလာတယ်... ရန်ကုန်မှာ ကျောင်းတတ်တယ် ကျောင်းပြီးရင်အိမ်ပြန်မယ်လို့ စဉ်းစားရင်းနဲ့ပေါ့… ဒီလိုနဲ့ UFL မှာကျောင်းပြီးတော့ AF (ပြင်သစ်ယဉ်ကျေးမူသံရုံး) မှာ ကျောင်းဆက်တတ် … ဒီလိုနဲ့ နှစ်တွေ ကုန်ဆုံးသွားတယ်…

ခုတော့ အဲဒီမှာ ကျောင်းမတတ်တော့ဘူး… ဒါပေမယ့် အိမ်ပြန်ခွင့်မရလို့ ခု ဒီမှာ အလုပ်ဝင်နေပါတယ်… အိမ်နဲ့ဝေးနေတာ နှစ်တွေကြာပါပြီ…. အရင်က အိမ်ကို စိတ်ကူးပေါက်တိုင်း ထပြန်လို့ရတယ်.. ခုအလုပ်နဲ့ဆိုတော့ သင်္ကြန်ပိတ်ရက်ပဲ အိမ်ပြန်လို့ရတော့တယ်… အဲဒီလို ပြန်ချင်တိုင်းပြန်လို့ မရတော့လို့ထင်တယ်… ပိုပြီးလွမ်းနေတယ်…
နေ့လည်ခင်း မိုးလေးအုံ့နေတဲ့အချိန်ဆို ယုဒဿန်ကိုလွမ်းတယ်… ညနေ အလုပ်ကအပြန် ကုန်းတံတားပေါ်က ဖြတ်လျှောက်ချိန် နေဝင်တာလေးတစ်စွန်းတစမြင်ရရင် အောက်ဘုရားနားက နေဝင်ချိန်ကို လွမ်းတယ်… လှည်ကလေး ဒိန်ချဉ်သောက်ရင် ကျိုင်းတုံက သဘောင်္သီးထောင်းနဲ့ ဒိန်ချဉ်ကို လွမ်းရပြန်ရော… လိုင်းကားကျပ်ရင် ဆိုင်ကယ်လေးကို လွမ်းတယ်… ဒုက္ခရောက်ချိန်ဆို ဖေဖေရဲ့ အားပေးသံ၊ မေမေ့အပြုံး၊ မောင်လေးရဲ့ နှစ်သိမ့်မှု (သူက ငါအစ်မ ဘာမှအားမငယ်နဲ့၊ ငါရှိတယ် ဆိုတာမျိုး .. ဟေ့ကောင် လုပ်၊ ဘာမှဖြစ်ဘူး လုပ်သာလုပ် ဆိုတာမျိုး ပါ) အဲဒါတွေကို တမ်းတမိတယ်…

အလုပ်ကနေ အိမ်ပြန်ရောက်ချိန် ညစာမရှိလို့ ခေါက်ဆွဲပြုတ်ပဲ စားလိုက်ရရင် အိမ်မှာဆိုရင်တော့ ကိုယ့်မေမေက သေချာလေးချက်ထားမှာပဲ တို့ ဒီအချိန်ဆို မေမေတို့ TV ကြည့်ရင်း ထမင်းစားနေမှာ ဆိုတာမျိုးတွေးမိပါတယ်…
တစ်ယောက်တည်းနေလို့ အထီးကျန်ချိန်တွေ ရှိသလို လွတ်လပ်တဲ့ အချိန်တွေလည်းရှိပါတယ်… ညဘက်အပြင်က ပြန်လာချင်တဲ့ အချိန်မှပြန်တာ… အိပ်ချင်တဲ့အချိန်မှ အိပ်ပြီး ထချင်တဲ့အချိန်မှ ထလို့ရတာတွေ… အလုပ်သွားရမယ့်နေ့မျိုးဆိုလည်း သွားဖို့အချိန်မှ ကပ်ပြီး ကုန်းရုန်းထလို့ရပါတယ်… အဝတ်တွေလည်း လျှော်ချင်တဲ့အချိန်မှလျှော်၊ လုပ်ချင်တာလည်း ဘယ်သူ့ကိုမှ ခွင့်တောင်းဖို့မလိုပဲ လုပ်ခွင့်ရှိပါတယ်…

ကိုယ်ဆို အလုပ်ကပြန်ရောက်ရင် အပေါ်တတ် ညစာစား ရေချိုးပြီးရင် တိုက်ခန်းအောက်က ခေါက်ဆွဲဆိုင်မှာ ကော်ဖီဆင်းသောက်၊ ဟိုလျှောက်ငေး ဒီလျှောက်ငေး လုပ်ရင်လုပ်၊ စာဖတ်တဲ့အခါဖတ်၊ လမ်းထွက်လျှောက်ချင်လျှောက်၊ အင်တာနက်ဆိုင်သွားရင်သွား၊ မီးလာရင်တော့ ခွေဝယ်ပြီး ကြည့်တတ်ပါတယ်။ (တစ်ခါတစ်ခါ သောက်ချင်တဲ့ အချိန်ဆိုလည်းသောက်ပေါ့။ အထူးသဖြင့် နက်ဖြန်ရုံးပိတ်တယ်ဆို ဒီညလိုမျိုး သောက်တတ်ပါတယ်) မူးလာပြီဆို တူတူသောက်တဲ့သူ အချင်းချင်း အိမ်အကြောင်းတွေ ပြောဖြစ်ကြတယ်။ ကိုယ်သူငယ်ချင်းတွေ အားလုံးနီးပါးလည်း အိမ်နဲ့ဝေးနေသူတွေဆိုတော့.. အဲဒီအချိန်မျိုးမှ လူမမြင်အောင် သိုဝှက်သိမ်းဆည်းထားတဲ့ အိမ်ကိုလွမ်းတဲ့ ခံစားချက်တွေ ပေါ်လာတတ်တယ်…

ကျန်တဲ့အချိန်တွေဆိုရင်တော့ အဲဒီအကြောင်း ဘယ်သူမှ မစပါဘူး… သူငယ်ချင်းတွေ ဆုံတယ်… စကားပြောတယ်… တစ်ခါတစ်ခါ သီချင်းဆိုတယ်… ဂစ်တာတီးတယ်… အချစ်အကြောင်းပြောတယ်… အလုပ်အကြောင်းပြောတယ်… အားလုံးကိုယ့်ဘဝကိုယ် ကျေနပ်သလိုနေပါတယ်… မူးပြီဆိုရင်တော့ အိမ်ကို လွမ်းပြီပဲ… တောင်ကြီးကိုလွမ်းတယ်… နေဝင်ချိန်ကိုလွမ်းတယ်… ကြယ်စုံချိန်ကိုလွမ်းတယ်… မိုးသောက်ချိန်ကိုလွမ်းတယ်… မြို့လေးနဲ့ ပတ်သတ်သမျှ အကုန်လျှောက်လွမ်းပါတယ်… တစ်ခါတစ်ခါ တောင်စုပုတောင်ပါသေး… ခုတော့သူလည်း မရှိတော့ပါဘူး…

ရန်ကုန်မှာ ပျော်စရာတွေ ပေါများပါတယ်… မူးယစ်စရာတွေလည်း ပေါတယ်… ဒါပေမယ့် ကိုယ်မသိစိတ်မှာရော သိစိတ်မှာရော အိမ်ကိုလွမ်းပါတယ်… ကိုယ်က အိမ်လွမ်းသူပါ… အိမ်ပြန်ဖို့ စိတ်ကူးတွေယဉ်ပြီး ကြံစည်လိုက် အိမ်နဲ့ ပိုဝေးသွားလိုက်နဲ့ အိမ်ပြန်ချိန်ကိုတောင်မသိတော့သူပါ… မျိုးကြီးကတော့ ကိုယ်ခံစားရသလို ဆိုထားတာမဟုတ်ပေမယ့် ကိုယ်ကတော့ အဲဒီသီချင်းလေးကို အိမ်ကိုလွမ်းတိုင်း ဆိုမိပါတယ်…