တောင်ကြီးကနေ ကိုယ်ထွက်လာတာ... ခုဆို ၇ နှစ် ဂ နှစ်လောက်ရှိပါပြီ... ပထမကျောင်းတတ်မယ်.. ပြင်သစ်စကားသင်မယ်... ပြီးရင် တောင်ကြီးမှာ Station Guide လုပ်မယ်ဆိုပြီး ပြန်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ပါ...
ပထမတစ်နှစ် မန္တလေးမှာ ကျောင်းတတ်တယ်... နောက်တော့ ရန်ကုန်ပြောင်းလာတယ်... ရန်ကုန်မှာ ကျောင်းတတ်တယ် ကျောင်းပြီးရင်အိမ်ပြန်မယ်လို့ စဉ်းစားရင်းနဲ့ပေါ့… ဒီလိုနဲ့ UFL မှာကျောင်းပြီးတော့ AF (ပြင်သစ်ယဉ်ကျေးမူသံရုံး) မှာ ကျောင်းဆက်တတ် … ဒီလိုနဲ့ နှစ်တွေ ကုန်ဆုံးသွားတယ်…
ခုတော့ အဲဒီမှာ ကျောင်းမတတ်တော့ဘူး… ဒါပေမယ့် အိမ်ပြန်ခွင့်မရလို့ ခု ဒီမှာ အလုပ်ဝင်နေပါတယ်… အိမ်နဲ့ဝေးနေတာ နှစ်တွေကြာပါပြီ…. အရင်က အိမ်ကို စိတ်ကူးပေါက်တိုင်း ထပြန်လို့ရတယ်.. ခုအလုပ်နဲ့ဆိုတော့ သင်္ကြန်ပိတ်ရက်ပဲ အိမ်ပြန်လို့ရတော့တယ်… အဲဒီလို ပြန်ချင်တိုင်းပြန်လို့ မရတော့လို့ထင်တယ်… ပိုပြီးလွမ်းနေတယ်…
နေ့လည်ခင်း မိုးလေးအုံ့နေတဲ့အချိန်ဆို ယုဒဿန်ကိုလွမ်းတယ်… ညနေ အလုပ်ကအပြန် ကုန်းတံတားပေါ်က ဖြတ်လျှောက်ချိန် နေဝင်တာလေးတစ်စွန်းတစမြင်ရရင် အောက်ဘုရားနားက နေဝင်ချိန်ကို လွမ်းတယ်… လှည်ကလေး ဒိန်ချဉ်သောက်ရင် ကျိုင်းတုံက သဘောင်္သီးထောင်းနဲ့ ဒိန်ချဉ်ကို လွမ်းရပြန်ရော… လိုင်းကားကျပ်ရင် ဆိုင်ကယ်လေးကို လွမ်းတယ်… ဒုက္ခရောက်ချိန်ဆို ဖေဖေရဲ့ အားပေးသံ၊ မေမေ့အပြုံး၊ မောင်လေးရဲ့ နှစ်သိမ့်မှု (သူက ငါအစ်မ ဘာမှအားမငယ်နဲ့၊ ငါရှိတယ် ဆိုတာမျိုး .. ဟေ့ကောင် လုပ်၊ ဘာမှဖြစ်ဘူး လုပ်သာလုပ် ဆိုတာမျိုး ပါ) အဲဒါတွေကို တမ်းတမိတယ်…
အလုပ်ကနေ အိမ်ပြန်ရောက်ချိန် ညစာမရှိလို့ ခေါက်ဆွဲပြုတ်ပဲ စားလိုက်ရရင် အိမ်မှာဆိုရင်တော့ ကိုယ့်မေမေက သေချာလေးချက်ထားမှာပဲ တို့ ဒီအချိန်ဆို မေမေတို့ TV ကြည့်ရင်း ထမင်းစားနေမှာ ဆိုတာမျိုးတွေးမိပါတယ်…
တစ်ယောက်တည်းနေလို့ အထီးကျန်ချိန်တွေ ရှိသလို လွတ်လပ်တဲ့ အချိန်တွေလည်းရှိပါတယ်… ညဘက်အပြင်က ပြန်လာချင်တဲ့ အချိန်မှပြန်တာ… အိပ်ချင်တဲ့အချိန်မှ အိပ်ပြီး ထချင်တဲ့အချိန်မှ ထလို့ရတာတွေ… အလုပ်သွားရမယ့်နေ့မျိုးဆိုလည်း သွားဖို့အချိန်မှ ကပ်ပြီး ကုန်းရုန်းထလို့ရပါတယ်… အဝတ်တွေလည်း လျှော်ချင်တဲ့အချိန်မှလျှော်၊ လုပ်ချင်တာလည်း ဘယ်သူ့ကိုမှ ခွင့်တောင်းဖို့မလိုပဲ လုပ်ခွင့်ရှိပါတယ်…
ကိုယ်ဆို အလုပ်ကပြန်ရောက်ရင် အပေါ်တတ် ညစာစား ရေချိုးပြီးရင် တိုက်ခန်းအောက်က ခေါက်ဆွဲဆိုင်မှာ ကော်ဖီဆင်းသောက်၊ ဟိုလျှောက်ငေး ဒီလျှောက်ငေး လုပ်ရင်လုပ်၊ စာဖတ်တဲ့အခါဖတ်၊ လမ်းထွက်လျှောက်ချင်လျှောက်၊ အင်တာနက်ဆိုင်သွားရင်သွား၊ မီးလာရင်တော့ ခွေဝယ်ပြီး ကြည့်တတ်ပါတယ်။ (တစ်ခါတစ်ခါ သောက်ချင်တဲ့ အချိန်ဆိုလည်းသောက်ပေါ့။ အထူးသဖြင့် နက်ဖြန်ရုံးပိတ်တယ်ဆို ဒီညလိုမျိုး သောက်တတ်ပါတယ်) မူးလာပြီဆို တူတူသောက်တဲ့သူ အချင်းချင်း အိမ်အကြောင်းတွေ ပြောဖြစ်ကြတယ်။ ကိုယ်သူငယ်ချင်းတွေ အားလုံးနီးပါးလည်း အိမ်နဲ့ဝေးနေသူတွေဆိုတော့.. အဲဒီအချိန်မျိုးမှ လူမမြင်အောင် သိုဝှက်သိမ်းဆည်းထားတဲ့ အိမ်ကိုလွမ်းတဲ့ ခံစားချက်တွေ ပေါ်လာတတ်တယ်…
ကျန်တဲ့အချိန်တွေဆိုရင်တော့ အဲဒီအကြောင်း ဘယ်သူမှ မစပါဘူး… သူငယ်ချင်းတွေ ဆုံတယ်… စကားပြောတယ်… တစ်ခါတစ်ခါ သီချင်းဆိုတယ်… ဂစ်တာတီးတယ်… အချစ်အကြောင်းပြောတယ်… အလုပ်အကြောင်းပြောတယ်… အားလုံးကိုယ့်ဘဝကိုယ် ကျေနပ်သလိုနေပါတယ်… မူးပြီဆိုရင်တော့ အိမ်ကို လွမ်းပြီပဲ… တောင်ကြီးကိုလွမ်းတယ်… နေဝင်ချိန်ကိုလွမ်းတယ်… ကြယ်စုံချိန်ကိုလွမ်းတယ်… မိုးသောက်ချိန်ကိုလွမ်းတယ်… မြို့လေးနဲ့ ပတ်သတ်သမျှ အကုန်လျှောက်လွမ်းပါတယ်… တစ်ခါတစ်ခါ တောင်စုပုတောင်ပါသေး… ခုတော့သူလည်း မရှိတော့ပါဘူး…
ရန်ကုန်မှာ ပျော်စရာတွေ ပေါများပါတယ်… မူးယစ်စရာတွေလည်း ပေါတယ်… ဒါပေမယ့် ကိုယ်မသိစိတ်မှာရော သိစိတ်မှာရော အိမ်ကိုလွမ်းပါတယ်… ကိုယ်က အိမ်လွမ်းသူပါ… အိမ်ပြန်ဖို့ စိတ်ကူးတွေယဉ်ပြီး ကြံစည်လိုက် အိမ်နဲ့ ပိုဝေးသွားလိုက်နဲ့ အိမ်ပြန်ချိန်ကိုတောင်မသိတော့သူပါ… မျိုးကြီးကတော့ ကိုယ်ခံစားရသလို ဆိုထားတာမဟုတ်ပေမယ့် ကိုယ်ကတော့ အဲဒီသီချင်းလေးကို အိမ်ကိုလွမ်းတိုင်း ဆိုမိပါတယ်…
Subscribe to:
Post Comments (Atom)
1 comment:
ငါလည်းနင့်မောင်လေးကိုတောင် သ တိ ရလာပြီ။:P
Post a Comment