မနေ့က မျက်ကြည်လွှာ သွားလှူဖြစ်တယ်... စာရင်းပေးရုံပါပဲ...
-နာမည်
-မှတ်ပုံတင်နံပါတ်
-လိပ်စာ
-ဖုန်းနံပါတ် ဒါပဲလိုတယ်...
နေရာက မျက်စိဆေးရုံ၊ မျက်စိဘဏ် မှာပါ... ကန်တော်ကြီးစောင်းမှာရှိပါတယ်...
မြို့ထဲကနေ (၄၆) စီးပြီး ဆေးရုံမှတ်တိုင်မှာ ဆင်းရပါတယ်... ဒါဆို ဆေးရုံရှေ့တည့်တည့်ကိုရောက်ပါတယ်...
ဆေးရုံရဲ့ အပေါ်ဆုံးထပ် ဘယ်ဘက်အခြမ်းမှာ ရှိပါတယ်... လျှာထွက်အောင်ကို တက်ရပါတယ်...
အပေါ်ရောက်တော့ ဝန်ထမ်းအစ်မတစ်ယောက်ပဲရှိတယ်... ဖောဖောရွေရွေရှိပါတယ်... ရောက်ရောက်ချင်း သူက
ကိုယ်တို့လေးယောက်ကို အစည်းအဝေးစားပွဲလို စားပွဲမှာ ထိုင်ခိုင်းပါတယ်... ကိုယ်တို့က ဘယ်သူများလာမလဲလို့
နောက်တော့ သူပဲကိုယ်တို့နားလာပြီး နာမည်စာရင်းစာအုပ်ကို ပေးပြီး စာရင်းသွင်းခိုင်းပါတယ်...
ကိုယ်တို့ နာမည်တွေ ဖြည့်နေတုန်း သူက မျက်ကြည်လွှာလှူတဲ့ အကြောင်းကို ရှင်းပြနေပါတယ်...
ကိုယ်တို့မှာ သူပြောတာကိုလည်း နားထောင်ရ.. နာမည်ကလည်း ဖြည့်ရနဲ့ အလုပ်ရှုပ်သွားပါတယ်...
သူရှင်းပြတဲ့ထဲမှာ မျက်ကြည်လွှာ အလှူရှင်ဖြစ်ဖို့ဆိုတာ မလွယ်ကြောင်း ပါပါတယ်...
အချက်တွေကတော့ များမှများပဲ...
ဘာလို့မလွယ်လဲဆိုတာကတော့ အလှူရှင်တွေက ခုစာရင်းပေးယုံပဲပေးခဲ့ကြတာပါ... နောက်ဒီအလှူရှင်တွေက ဘယ်အချိန်
ဘယ်နေရာမှာ ဆုံးပါးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး....
သူဆုံးတဲ့နေရာက ဝေးလွန်းနေရင်လည်း မျက်ကြည်လွှာထုတ်ယူဖို့ ဝန်ထမ်းတွေက အချိန်မှီရောက်နိုင်မှာ မဟုတ်ပါဘူး...
နောက်ပြီး မျက်စိဘဏ်က ရန်ကုန်၊ မန္တလေးမြို့ကြီး ၂ မြို့မှာပဲ ရှိပါတယ်....
အလှူရှင်ဆုံးဆုံးချင်းဖြစ်ဖြစ် ဆုံးခါနီးဖြစ်ဖြစ် ကျန်ရစ်သူမိသားစုက မျက်စိဘဏ်ကို အကြောင်းကြားဖို့လည်း လိုပါသေးတယ်...
ဘာလို့လဲဆိုတော့ မျက်ကြည်လွှာက လပ်လေကောင်းလေပါပဲ... ဆုံးပြီး ၄ နာရီအတွင်းမှာပဲ ထုတ်ယူလို့ရပါတယ်...
အလှူရှင်မှာ ကူးစက်ရောဂါတစ်မျိုးမရှိနေဖို့လည်း လိုအပ်ပါတယ်... ကူးစက်ရောဂါရှိခဲ့ရင် သူဆီက အလှူခံလို့မရပါဘူး...
တစ်ခါတစ်ခါမှာ ရန်ကုန်ဆေးရုံကြီးမှာ သူတို့မျက်ကြည်လွှာသွားရှာတတ်ကြတယ်တဲ့...
ဒါပေမယ့် ဒါဟာလည်း မလွယ်တဲ့ အလုပ်တစ်ခုပါ.. လူဆိုတာမျိုးက ဆေးရုံလာတယ်ဆိုတာ သေဖို့လာတာမှ မဟုတ်တာ...
ရောဂါသက်သာဖို့၊ အသက်ဆက်ရှင်ဖို့သာ လာကြတာပါ... ဒါကို ကိုယ်က မျက်ကြည်လွှာ အလှူခံချင်တယ်လို့ သွားပြောရင်
အခံမသင့်ရင် အရိုက်တောင်ခံရနိုင်တာပါ....
အဲ.. ဆုံးပြီးသား အလှူရှင်ကို တွေ့တော့လည်း စောစောက ပြောခဲ့သလို ရောဂါရှိနေရင် ယူလို့မရပြန်ဘူး....
ရောဂါမရှိပြန်တော့လည်း ကျန်ရစ်သူမိသားစုက ပေးချင်အုံးမှ... သူတို့ခွင့်ပြုချက်မရှိရင် ယူလို့မရပြန်ဘူးတဲ့...
အစကတည်းက ကိုယ်တို့လို ကိုယ်သဘောနဲ့ကိုယ် လှူထားပြန်တော့လည်း ကိုယ်တို့တွေက နောက်ထပ် အနှစ် ၂၀ ဆိုလည်းဟုတ်
၅၀ ဆိုလည်း ဟုတ်...( ၁၀၀ တောင်ဖြစ်ချင်ဖြစ်နိုင်သေးတယ်...) အသက်ဆက်ရှင်နေချင်နေမှာဆိုတော့
တစ်ရက်တစ်ရက် မျက်ကြည်လွှာလှူဖို့ စာရင်းပေးတဲ့သူတွေကတော့ များပြီး တကယ်တမ်းတော့ မျက်ကြည်လွှာက လူနာတွေအတွက်
ရှားပါနေဆဲပါပဲ...
နောက်တစ်ခုက အလှူရှင်ဆုံးတာက သွေးရိုးသားရိုးဖြစ်ဖို့လည်း လိုပါသေးတယ်...
မှုခင်းလူနာဆို စစ်ဆေးမှုတွေလုပ်အုံးမှာမလို့ မျက်ကြည်လွှာယူဖို့ နောက်ကျသွားပြန်ရောတဲ့...
ထုတ်ပြီးသား မျက်ကြည်လွှာကို မျက်ကြည်လွှာထည့်ဖို့ အထူးပြုလုပ်ထားတဲ့ ပုလင်းလေးထဲမှာ ထည့်ရပါတယ်...
ပုလင်းထဲက အရည်တွေက မျက်ကြည်လွှာအတွက် လိုအပ်တဲ့အစာအဟာရကို ပေးပါတယ်...
အဲဒီပုလင်းကိုလည်း လိုအပ်တဲ့အပူချိန်မှာပဲ ထားရပါတယ်.. ပူလို့လည်းမရသလို ရေခဲသေတ္တာလို သိပ်အေးခဲနေလို့လည်း
မရပါဘူးတဲ့... မျက်ကြည်လွှာက အရမ်းနူးညံ့တော့ ပျက်စီးလွယ်လှပါတယ်...
ဒါတွေက အလှူရှင်ဘက်ကပါ... လူနာဘက်က အခက်အခဲတွေလည်းရှိပါသေးတယ်...
မျက်ကြည်လွှာရတဲ့အချိန်မှာ လူနာကို မျက်စိဘဏ်က အမြန်ဆုံးဆက်သွယ်ရပါတယ်...
ခွဲစိတ်မှုလုပ်ဖို့ လူနာမှာ လုံလောက်တဲ့ ကျန်းမာရေးနဲ့ ငွေကြေးလည်း လိုပါတယ်.... ကျန်းမာရေးဆိုတာက မျက်စိမှာ အနာဖြစ်နေရင်
မျက်ကြည်လွှာထည့်လို့မရပါဘူး...
ဒီလိုအခက်အခဲ ပေါင်းစုံကိုပြောပြလိုက်တာ စိတ်ဓါတ်ကျခါနီးဆဲဆဲမှာ သူက မောင်လေးတို့ ညီမလေးတို့ ဒီလို လာလှူဖြစ်တာနဲ့ပဲ...
အလှူက တစ်ဝက်ဖြစ်နေပါပြီတဲ့ တော်ပါသေးရဲ့ ဒီစကားပြောလို့ ... မဟုတ်ရင် ကိုယ်တော့ စိတ်ဓါတ်ကို လုံးလုံးကျသွားမှာ...
စာရင်းရေးပြီးတော့ ကိုယ်တို့ကို ကဒ်ပြားလေးတွေ တစ်ခုစီပေးပါတယ်... လက်မှတ်ထိုးနာမည်ရေးပေါ့....
သက်သေလည်းလိုပါတယ်... ၄ ယောက်သွားကြတော့ တစ်ယောက်နဲ့တစ်ယောက် သက်သေလုပ်ပေးလိုက်ကြတာပေါ့...
နောက်အမှတ်တရစာအုပ်မှာ လက်မှတ်ထိုး စာတွေရေးခဲ့သေးတယ်...
ဘလော့မှာသာ အားရပါးရရေးနေတာ... အမှတ်တရစာအုပ်ကျတော့ ဘာရေးရမလဲ မသိတော့ဘူး... အဲလိုကိုယ်က...
နောက်ဆုံးတော့ မွေးနေ့အတွက် လှူပါတယ်ဆိုပြီးပဲရေးထားလိုက်တော့တယ်...
အစ်မကြီးကလည်း သူတစ်ယောက်တည်းရုံးပေါ်မှာဆိုတော့ ပျင်းရှာတယ်ထင်ပါတယ်... ကိုယ်တို့ကို စကားတွေ ဖောင်ဖွဲ့နေတော့တာ...
နဂိုကမှ ကိုယ်တို့ကလည်း စကားပြောပြောနဲ့ဆိုတော့ ခဏလေးနဲ့ အဖွဲ့ကျသွားပါတယ်...
သူနဲ့စကားတွေအများကြီးပြောပြီး ကိုယ်တို့ပြန်ခဲ့ပါတယ်...
စကားတွေသာ ပြောခဲ့တာ သူနာမည်လေးတောင် မမေးလိုက်မိဘူး.... နောက်တစ်ခါရောက်ရင်တော့ မေးလိုက်ပါအုံးမယ်...
ကိုယ်တို့သိချင်သမျှကို စိတ်ရှည်ရှည်နဲ့ရှင်းပြပေးတဲ့ သူကို ဒီကနေပြီး ကိုယ်နောက်တစ်ခါ ကျေးဇူးတင်ပါတယ်...
ဒီလိုကုသိုလ်ရတဲ့ အလုပ်မျိုးကို လုပ်နေတဲ့အတွက် ကိုယ်တို့ သူကို သာဓုခေါ်ပါတယ်...
Friday, February 6, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment