ကိုယ်က သိပ်စည်းကမ်းရှိတဲ့သူ မဟုတ်တော့ ပစ္စည်းတွေ ခဏ ခဏ ပျောက်တတ်တယ်...
ဒီတလောတော့ ကိုယ်အပျောက်များဆုံး အရာကတော့ ထီးပါ...
ကိုယ်တို့ရုံးကနေ မိုးတွင်းဆိုတော့ Rain coat နဲ့ ထီး တစ်မျိုးမျိုးကို field stuff တွေကို ပေးထားပါတယ်...
ရုံးကပေးတဲ့ထီးက အကြီးကြီးဆိုတော့ ဆောင်းလို့တော့ကောင်းရဲ့ သယ်ရတာတော့ မလွယ်ဘူး...
ပြီးတော့ Quality ကနည်းနည်းညုံတော့ field ထဲယူသွားဆောင်းပြီးရင် အဲဒီထီးက တိုက်ပွဲကနေ ဒါဏ်ရာဒါဏ်ချက်တွေနဲ့ ပြန်လာတဲ့ စစ်သားတစ်ယောက်လိုပဲ... တစ်ချို့တစ်လေများဆို တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သားလိုပဲ .. ဘိုကလေးတောင် ပြန်မရောက်တော့ဘူး...
ကိုယ်ရဲ့ ထီးကတော့ နာမည်မထိုးထားပေမယ့် ဘိုကလေးထိတော့ ပြန်ပါလာသေးတယ်...
Stuff house ရောက်မှ ကိုယ့်ရဲ့ ဖွင့်လို့တောင်မရတော့တဲ့ ထီးကို ဘယ်သူက ယူဆောင်းသွားသလဲ မသိဘူး .. လုံးဝကို အစပျောက်သွားရော...
အဲဒါနဲ့ ဒုတိယထီးတစ်လက်ကို ရန်ကုန်ရုံးမှာ ကိုယ်အကြံအဖန်တွေလုပ်ပြီး ထပ်တောင်းလာတယ်... ဒီတစ်ခါ field ထဲဆင်းရင် ယူသွားမယ်ဆိုပြီးတော့ပေါ့... အဲဒီထီးကို သောကြာနေ့မှာ ကိုယ်ရုံးက ယူလာပြီး Sunday ဘိုကလေးကိုယူသွားမယ်ပေါ့..
အဲ... ဒါပေမယ့် ထီးအသစ်လေးခမျာ Taxi ပေါ်မှာ မေ့ကျန်ခဲ့တာနဲ့ ကိုယ်ဆောင်းတောင်မဆောင်းလိုက်ရဘူး...
ဒါနဲ့ သုံးလက်မြောက်ထီးအမည်းလေးကို ဘိုကလေးရောက်ရောက်ချင်းပဲ ကိုယ်ဝယ်လိုက်တယ်... အဲဒီညက မိုးရွာလို့ ကိုယ်တစ်ခါတော့ ဆောင်းလိုက်ရသေးတယ်...
နောက်တစ်ရက် ကိုယ် အမာ သွားတော့ အဲဒီထီးလေးယူသွားတယ်...
ဒီတစ်ခါသွားတာ အလုပ်သိပ်မရှိတော့ အမာမှာ တစ်ညပဲ အိပ်ပြီးပြန်လာတယ်...
သဘောင်္က မနက် ၄ နာရီထွက်မယ်ဆိုလို့ ကိုယ်တို့ ကမန်ကတန်း အိပ်ယာက ထပြီး သဘောင်္ဆိပ်ကိုပြေးရတာ...
အဲဒီထီးလေး ကိုယ်တို့ထည်းတဲ့ အိမ်မှာ ကျန်ခဲ့ပါလေရော...
ကိုယ်နည်းနည်း စိတ်နာသွားတယ်... ထီးတွေနဲ့ အကျိုးပေးမကောင်းလို့...
ထပ်လည်း မဝယ်နိုင်တော့လို့... ဒီတိုင်း မိုးကာအင်္ကျီတစ်ထည်နဲ့ ပေပြီးနေနေလိုက်တယ်...
အဲဒါTN ကိုပြောပြတော့ သူက သူပို့ထားတဲ့ ဟာသလေးနဲ့ ကိုယ့်ကို သတိပေးပါတယ်...
ဟာသက ဒီလိုလေးပါ...
လူတစ်ယောက် ဘုရားသခင်ထံသို့ သူဧ။်အပြစ်ကို ၀န်ချတောင်းပန်သည်။
ဘုရားသခင်။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။
လူ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။
သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။
အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ၀ုန်းကနဲဆို
ရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက
မိုးခိုရင်းကော်ဖီသောက်လိုက်ဆိုပြီး
ကော်ဖီဖျော်တိုက်တယ်။ အဲ ... မိုးကလည်းတော်တော်နဲ့ မဆဲဘူး။
အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ နဲ့မှားသွားမိတယ်။
အဲဒါကြောင့် ခွင့်လွှတ်ပါ။
ဘုရားသခင်။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။
လူ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကို
သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့
သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ
တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး
ပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။
ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။
မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ
မှားသွားမိသေးတယ်။
ဘုရားသခင်။ ။ အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။
လူ။ ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။
အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။
သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။
ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။
အဲဒါနဲ့သူ့ရဲ့သားက ကော်ဖီဖျော်တိုက်တယ်။
ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ ...
အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ....................
ဘုရားသခင်။ ။ တော်တော် .. ဆက်မပြောနဲ့တော့။
ငါအကုန်လုံးကိုခွင့်လွှတ်တယ်။ ပြီးပြီမဟုတ်လား။ မြန်မြန်ပြန်တော့။
မင်းဒီကိုလာတာထီးလည်းမပါဘူး။ အခုအပြင်မှာမိုးအုံ့နေပြီ။
ဘဝက မလွယ်ပါလား.. ထီးမပါတာလေးကိုနော်...
ဒါနဲ့ ထီးအစုတ်လေးတစ်လက်တော့ ကိုယ် ဆောင်ထားလိုက်တယ်...
Saturday, July 25, 2009
Friday, July 10, 2009
Wednesday, July 8, 2009
Tuesday, July 7, 2009
ညီမျှခြင်း
ကိုယ် သဘောင်္ဦးမှာ အိပ်မရလို့ ညကြီးသန်ခေါင် ခြင်အကိုက်ခံပြီးရေးထားတဲ့... ခံစားချက်တွေပါ...
တစ်ရက် တစ်ရက် ကိုယ်မှာ ဖိအားတွေများလာပြန်ပြီ…
ကိုယ်ဒီပတ်ဝန်းကျင်ကနေရော ကိုယ်ယောင်ဖျောက်ပြေးရအုံးမှာလား…
မနက်ဖြန်တောင် ဘာတွေဖြစ်မယ်ဆိုတာ မတွေးချင်တာ…
ကိုယ်ဒီပတ်ဝန်းကျင်မှာ ပျော်ရွှင်မှုနဲ့ အတူ စိတ်ပူစရာတွေ တွေ့ရပြန်ပြီ…
ကိုယ်ကြောင့် ဘယ်သူကိုမှ မထိခိုက်စေချင်ပေမယ့် ထိခိုက်စေရအုံးမလား… ကိုယ်မသိဘူး…
အရင်က အလုပ်မှာမပျော်တော့လို့ ကိုယ်ဒီအလုပ်ကိုပြောင်းလာတယ်…
ခုလည်း အလုပ်တွေ ပင်ပန်းတဲ့ကြားထဲ ပျော်အောင်နေပါမှ… စိတ်ဖိစီးစရာတွေကို တွေ့ပြန်ပြီ…
ဒီလပြီးရင် ကိုယ်ဘာဆက်လုပ်ရမလဲ…
ကိုယ်တော့ အနားယူသင့်ပြီ ထင်ရဲ့… ဒီလိုဆိုရင်ရော အိမ်က ကိုယ့်ကို လက်ခံပါ့မလား…
ကိုယ် ဒီအရပ်ဒေသမှာ တစ်ရက်တစ်ရက် သဘောင်္ပေါ်မှာ အိပ် သဘောင်္ပေါ်မှာစားနဲ့ မပျော်တော့ဘူး…
သူတို့ဘဝတွေကို ကူညီနေတာနဲ့ပဲ ကိုယ်လည်း တိုးတတ်မှုတွေနဲ့ ဝေးနေပြီ…
ကိုယ့်နေရာက ဘယ်မှာလဲ… ကိုယ့်ဘဝကြီးကို ဒီနေရာမှာ မမြုပ်နှုံချင်ဘူး…
လွပ်လွပ်လပ်လပ်လေး ထွက်သွားခွင့်ရချင်တယ်…
ကိုယ်ဘာဆက်လုပ်ရမလဲ…
ဒီမှာ ဒီရေတောတွေ…
ရေတတ်ရေကျတွေ…
ရွှံ့တွေ… ခြင်တွေ…
ဝမ်းရောဂါတွေ…
မိုးသက်လေတွေ…
ဆင်းရဲသား ဒါမှမဟုတ် ကံအကြောင်းမလှလို့ ဝေးလံခေါင်းပါးတဲ့ ဒီလို အရပ်ဒေသမှာ ဖြစ်တည်နေရတဲ့ သူတွေရဲ့ ငိုရှိုက်ညီးညူသံတွေ…
(တစ်ခါတစ်ခါ ကြိုးစားချင်စိတ် မရှိပဲ… အချောင်လိုချင်တဲ့ ဟန်ဆောင်ညီးညူသံတွေ)
တိုးတတ်ချင်ပေမယ့် ကြိုးစားချင်ပေမယ့် အခွင့်အလမ်း မရှိတဲ့ ကလေးတွေ…
အမြင်ကျယ်အောင် စာဖတ်ဖို့နေနေသာသာ ကိုယ်နာမည်ကိုယ်တောင် မရေးတတ်သူတွေ…
တစ်ခါတစ်ခါ မုန်တိုင်းသတင်းတွေ…
လူမှုရေးအလုပ်တွေ လုပ်နေတာချင်းတူတူ … ရထားတဲ့ ရာထူးတစ်ခု ဂုဏ်ရှိန်တစ်ခု အတွက် မာနတတ်နေတဲ့သူတွေ…
အဲဒါတွေကနေ ကိုယ်ထွက်ပြေးချင်ပြီ…
ဘယ်မှာလဲ ကိုယ့်အတွက် ပျော်ရွှင်မှု…
ဒီနေရာလေးမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး…
ကမ္ဘာရွာကြီးလို့သတ်မှတ်ထားတဲ့ ဒီခေတ်ကြီးမှာ ဒီနေရာလေးမှာ ကွန်ပျူတာ မမြင်ဖူးတဲ့ ကလေးငယ်တွေရှိတယ်…
ဒီနေရာလေးမှာ ကျောင်းသုံးစာအုပ် မဝယ်နိုင်လို့ ကျောင်းမတတ်ရတဲ့ ကလေးငယ်တွေရှိတယ်…
ဒါဆိုဘယ်မှာလဲ… အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ မျှော်လင့်ချက်…
ဥပဒေနဲ့ကျောင်းပြီးထားရင် သမ္မတတောင် တတ်ဖြစ်လို့ရတဲ့ ဒီခေတ်ကြီးမှာ ကိုယ်ဒီနေ့တွေခဲ့တဲ့ကျောင်းက ကလေးငယ်တွေက ဆရာဝန်ဖြစ်ချင်တုန်း…
နိုင်ငံခြားဘာသာစကားတွေ ပြောပြီး အွန်လိုင်းကနေ ကိုယ်တို့တွေ ဟိုဖက်ကမ္ဘာတစ်ခြမ်းနဲ့ ဆက်သွယ်မှုတွေ ကောင်းမွန်နေချိန်မှာ ဒီနေရာလေးမှာ…
ဟိုဖက်ရွာ ဒီဖက်ရွာကို ၁ နာရီလောက် လှေလှော်နေရတုန်း…
“One child per one laptop” တဲ့ ဒီနေရာလေးမှာ စာအုပ်မဝယ်နိုင်လို့ ကျောက်သင်ပုန်းနဲ့ စာသင်နေရတုန်း..
တစ်ချို့တစ်ချို့သောသူတွေ အွန်လိုင်းမှာ သင်တန်းတတ်နေချိန်မှာ ဒီရွာက ကလေးတွေ ဟိုဖက်ရွာကို မသွားနိုင်လို့ စာသင်ခွင့်မရှိတုန်း…
ကိုယ်တို့တွေ E-book တွေဖတ်နေချိန်မှာ သူတို့တွေ သူငယ်တန်းဖတ်စာအုပ် မဝယ်နိုင်လို့ စာအုပ်ထဲ ပြန်ကူးနေရတုန်း…
ဘယ်မှာလဲ လူ့အခွင့်အရေး…
ဘယ်မှာလဲ တန်းတူညီမှု…
ဘယ်မှာလဲ ဖွံ့ဖြိုးတိုးတတ်မှု…
ရွာသားတွေကတော့ ကျေးရွာ ဖွံ့ဖြိုးမှုဆိုတာကို ရွာလမ်းမှာ ရွံ့ခြေသလုံးလောက်အထိ နစ်မနစ်…
ဘုန်းကြီးကျောင်း ရှိမရှိနဲ့ ဆုံးဖြတ်ကြတယ်…
မင်းတို့ နေမကောင်းဖြစ်လို့ ဆရာဝန်ကို လူနာတင်ကားကို ဖုန်းဆက်ခေါ်နေချိန်မှာ သူတို့ သေလုမျောပါးဖြစ်နေရင် ၄ နာရီလောက် စက်လှေနဲ့သွားရတဲ့ ခရီးကို လှေလှော်သွားနေကြတုန်း…
ကမ္ဘာကြီးမှာ သစ်တောပြုန်းတီးမှု ကမ္ဘာကြီးပူနွေးလာမှုကို အသည်းအသန်ကာကွယ်နေချိန်မှာ သူတို့မှာ သဘာဝဒီရေတောတစ်ခုလုံးကုန်အောင် မီးသွေးဖုတ်ပြီးတော့ အခု ကျန်ခဲ့တဲ့ သစ်မြစ်တွေပါ တူးပြီး မီးသွေးဖုတ်နေကြပြီ…
သူတို့အတွက် သစ်တောကြိုးဝိုင်းက နောက်မှ အခုစားဝတ်နေရေးက အရင်ဖြစ်နေကြပြီ…
ကဲ ဘယ်မှာလဲ အဖြေ…
မြစ်ချောင်းတွေကြားမှာနေပြီး သောက်ရေမရှိတဲ့ ဘဝတွေ…
ဘယ်သူ့တာဝန်လဲ…
ဒီလိုနဲ့ကိုယ်လည်း ဆေးလိပ်တွေ ပိုသောက်တတ်ခဲ့တယ်…
ဘီယာပျော့လို့ အရက်တွေသောက်တတ်ခဲ့တယ်…
စိတ်ညစ်စရာတွေကို နည်းမျိုးစုံနဲ့ ဖြေဖျောက်တတ်လာတယ်…
ဒါကရော ဘယ်သူ့တာဝန်လဲ…
ဘာပဲပြောပြော ကိုယ်လည်း တကိုယ်ကောင်းဆန်ဆန်ပဲ.. တောင်ပေါ်ကိုပြန်ချင်ပြီ…
ချယ်ရီတွေကိုလွမ်းပြီ…
တောင်တန်းတွေကိုလွမ်းပြီ…
ရှမ်းထမင်းဟင်းကိုလွမ်းပြီ…
မနက်စာ တိုဖူးနွေးကိုလွမ်းပြီ…
အင်းလေးကန်ကို လွမ်းပြီ…
ကတ္တရာလမ်းပေါ်မှာ ပြန်လမ်းလျှောက်ချင်ပြီ…
ရွာထဲကပြန်ထွက်လာရင် ကိုယ်ခြေထောက်ပေါ်မှာပေနေတဲ့ ရွှံ့မည်းပုတ်ပုတ်တွေကို မုန်းတယ်…
ဆားငန်ရေကို မုန်းတယ်…
ကိုယ့်ရှေ့မှာ အသတ်ခံလိုက်ရတဲ့ ကြက်သားဟင်းကို မုန်းတယ်…
(ဂဏန်းတော့ကြိုက်တယ်)…
ဆီပြန်ဟင်းတွေကို မုန်းတယ်…
ကိုယ့်အသားဖြူဖြူတွေကို မဲသွားစေတဲ့ နေရောင်နဲ့ လေတွေကို မုန်းတယ်…
ကိုယ့်ကံကြမ္မာကို မုန်းတယ်…
သာယာတဲ့ တစ်နေရာရာကို သတ္တိရှိရှိနဲ့ မထွကိသွားရဲတဲ့ ကိုယ်ကိုယ်ကိုယ်မုန်းတယ်…
ခံစားချက်ခပ်ပြင်းပြင်းတစ်ခုတွေ့တိုင်း ခံနိုင်ရည်မရှိတဲ့ ကိုယ့်ကျန်းမာရေးကိုမုန်းတယ်…

Thursday, May 7, 2009
ရန်ကုန်ညနေခင်း
တစ်ရက် ကိုယ်တို့ သူငယ်ချင်းတွေ အပြင်လမ်းလျှောက်ထွက်ကြတယ်.. Sunday ဆိုတော့ ဂျက်ဆင်တံခါးဖွင့်ထားလို့ ဓါတ်ပုံဝင်ရိုက်ကြတယ်...
ကိုယ်တို့လေးယောက်ပုံကို ဘယ်လိုရိုက်ရင်ကောင်းမလဲ စဉ်းစားရင်း Position စမ်းရင်း မတော်တဆရခဲ့တဲ့ ဓါတ်ပုံလေး၂ပုံပါ.... ကိုယ်အရမ်းကြိုက်သွားတယ်...

ရန်ကုန်ညနေ နေဝင်ချိန်ပါ...

ငှက်လေး ၂ ကောင် ချိန်းတွေ့နေတာ... မြင်အောင်ကြည့်နိုင်ပါ့မလားတော့ မသိဘူး... ဟိဟိ

Monday, May 4, 2009
ကိုယ်တို့ အလုပ်
၃၀ရက် ၄ လ ၂၀၀၉ (ဘိုကလေး)မှာရေးခဲ့တာပါ..
ဒီနေ့ ဆို ကိုယ်တို့ Project ရဲ့နောက်ဆုံးနေ့…
စသလိုနောက်သလိုနဲ့ Mission Completed လို့ ပြောကြတယ်…
Project တစ်ခုပြီးသွားတာ ဝမ်းသာစရာပါ… ဒါပေမယ့်… အလုပ်မရှိတော့တာကတော့ စိုးရိမ်စရာပေါ့…
ကိုယ်တို့အဖွဲ့မှာ လူငါးယောက်ပါတယ်… Project Manager က Indonesian… ကိုယ်က သူရဲ့ စကားပြန်… နောက်သုံးယောက်က ယောကျာင်္းလေးတွေ… သူတို့က ဘိုကလေးသားတွေပဲ… လူနည်းတော့ ကိုယ့်တို့ အုပ်စုလေးမှာ ပြဿနာသိပ်မရှိဘူး… အားလုံး အေးအေးဆေးဆေးပဲ…
ကိုယ်တို့ရဲ့ Projectက ဘိုကလေးကနေ သဘောင်္နဲ့ သွားရင် ၅ နာရီ ၆ နာရီလောက် မောင်းရတဲ့ အမာဆိုတဲ့ မြို့လေးမှာ မုန်တိုင်းဒုက္ခသည်တွေအတွက် နေအိမ်တွေ ဆောက်ပေးတာပါ… အဲဒီမြို့လေးက တောင်ကြီးမြို့က သစ်တောရပ်ကွက် တစ်ကွက်စာလောက်ပဲရှိမယ်… မုန်တိုင်းဒါဏ်ကို တစ်ခြားနေရာတွေလောက် ပြင်းပြင်းထန်ထန် မခံလိုက်ရဘူး… အိမ်ပြိုတာလောက်ကလွဲပြီး လူအသေအပျောက် သိပ်မရှိလိုက်တဲ့နေရာလေး…. မိသားစုတစ်စုပဲ သေတာ… အဲဒီမိသားစုကလည်း ဘိုကလေးမှာ ကလေးကျောင်းလာအပ်ရင်း မုန်တိုင်းမိလို့ ဖြစ်တာ…
အဲဒီအချိန်က ဒီလို ဘေးကင်းခဲ့တယ်ဆိုတော့ တခြားနေရာတွေက ဒုက္ခသည်တွေက အမာမှာရှိတဲ့ သချိုင်းကုန်းနဲ့ ဘုန်းကြီးကျောင်းကြားထဲက မြေကွက်လပ်မှာ လာနေကြတယ်… သူတို့တဲ့ နေရင်း ဒေသတွေကိုလည်း ပြန်မသွားရဲတော့ဘူးလို့ ဆိုတယ်… အဲဒီနေရာမှာ သူတို့အတွက် အိပ်မက်ဆိုးတွေရှိတယ်… နောက်တစ်ခါထပ်ဖြစ်ခဲ့ရင်လည်း အဲဒီနေရာမှာဆို သေမှာပဲ… လုံခြုံမှုမရှိဘူးတဲ့…
သူတို့နေတဲ့တဲလေးတွေက မိုးတွင်းအတွက် လုံခြုံမှုမပေးနိုင်ဘူး… ရှိတာလေးနဲ့ အိမ်ဖြစ်အောင် လုပ်နေကြတာဆိုတော့… မိုးကာစတွေနဲ့ မိုးပြီး အဖြစ်လေးတွေနေကြတာ…

အိမ်လေးတွေက သေးသေးလေးတွေနဲ့ မိသားစုက အများကြီး… သိတဲ့အတိုင်း ကိုယ်တို့တိုင်းပြည်မှာ သားဆက်ခြားတယ်ဆိုတာ သိပ်ထွင်ကျယ်တဲ့ ကိစ္စမဟုတ်တော့ … အိမ်ထောင်စုတစ်ခုမှာ သားသမီးတွေက လေး ငါးယောက် … အချို့ အိမ်တွေမှာဆို မိသားစုဝင် ၁၁ ယောက်တဲ့…
မိန်းကလေးတွေကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကြတော့ မွေးလိုက်တဲ့ကလေးတွေ… ကိုယ့် Project Manager ကတော့ တအံတသြနဲ့ “Sweet, ငါတော့ သူတို့ ဒီကလေးတွေရအောင် ဘယ်လိုများလုပ်ကြလဲဆိုတာ စဉ်းစားလို့မရဘူး” တဲ့… ဟုတ်လည်း ဟုတ်ပါရဲ့ အိမ်လေးကျဉ်းကျဉ်းလေးမှာ အခန်းဆိုတာမျိုးလည်း မရှိပဲ သူတို့ အဲဒီကလေးတွေကို ဘယ်လိုလုပ်ပြီး လုပ်ကြပါလိမ့်…
ကိုယ့်မှာလည်း အဖြေမရှိဘူး…
ပညာရေးကလည်း မထွန်းကား… ဗဟုသုတကလည်း မရှိ… ကိုယ်တို့သူတို့တွေကို လုပ်ပေးနိုင်တာက အိမ်ဆောက်ပေးတာတစ်ခုတည်းရယ်… သူတို့ကြားထဲမှာ ကိုယ်က သားဆက်ခြားရေးပညာပေးတွေလည်း သွားမလုပ်ရဲဘူး… မြန်မာတွေရဲ့ အယူအဆက ဒီလိုကိစ္စတွေကို လူကြားသူကြားထဲ ထုပ်ပြောတာမျိုးကို ကြိုက်ကြတာမဟုတ်ဘူး… မြို့မှာဆိုရင်တော့ ဒီလိုပြောရင် ပြဿနာမရှိပေမယ့်… ရွာတွေမှာတော့ ပြဿနာရှိတယ်…
ကိုယ်တို့နိုင်ငံလည်း တစ်ခြားနိုင်ငံတွေလို ဒီကိစ္စတွေကို ကျောင်းမှာ ပညာပေးအနေနဲ့ ထည့်သင်သင့်ပြီလို့ ထင်တယ်… ဆရာမတွေများ ဖတ်မိရင် ကိုယ်ကို မကြည်ဖြစ်နေအုံးမယ်… မတော်တဆ အဲဒီဆရာမက အပျိုကြီးများဖြစ်နေရင် ပိုဆိုး…
နောက်တစ်ခုက ကိုယ်တို့က အိမ်ရော အိမ်သာပါဆောက်ပေးတာပါ… အဲဒီထဲက တော်တော်များများက အရင်က အိမ်သာသုံးဖူးတဲ့သူတွေ မဟုတ်ကြဘူးတဲ့… ကဲ… ကျန်းမာရေးအတွက် ဘယ်လောက် စိတ်ပူရမလဲ… ကိုယ်တို့ကတော့ အိမ်နဲ့ အိမ်သာကို အနည်းဆုံး ၁၅ ပေခြားပြီး ဆောက်ပေးပါတယ်…
တစ်ရက်တစ်ရက် အဲဒီနေရာမှာ ပူပူလောင်လောင်နဲ့ ကိုယ်တို့ အလုပ်တွေလုပ်ကြရတယ်… ပထမဆုံး ကွင်းခေါင်ခေါင်ကြီးကို အိမ်ဆောက်လို့ရအောင် အပင်တွေရှင်း မြက်တွေရှင်းခိုင်းရပါတယ်… နောက် မြေကွက်တွေကို မြေတိုင်းစာရင်းရုံးက အကူအညီနဲ့ အကွက်ဖေါ်… အဲဒီအကွက်တွေကို ဘယ်သူက ဘယ်အကွက်ဆိုပြီး ပေးဖို့ကျတော့ မဲနှိုက်ရပြန်ရော… ဒီကြားထဲမှာ မြန်မာအယူအရ သားသမီးက မိဘရဲ့ ခေါင်းရင်းအိမ်မှာ မနေရတာ၊ မောင်နှမ၂ယောက်ကြားထဲမှာ နေရင် အဲဒီကြားထဲက သူက စီးပွားမဖြစ်ဘူး၊ ခိုက်တယ်ဆိုတာမျိုးတွေ… တော်သေးတယ်… အဲဒီကိစ္စတွေကို ကိုယ်တို့ ကိုယ်တိုင်ဝင်မလုပ်ပေးလိုက်ရဘူး.. ရပ်ကွက်ကလူကြီးတွေက သူတို့ကိုယ်တိုင် ဝင်လုပ်ပေးလိုက်ကြတယ်…
အဲဒီနောက်တော့ အိမ်တွေစဆောက်ပါတယ်… သင်္ကြန်ပိတ်ရက်ရှိသေးတော့ ကိုယ်တို့ အိမ်တွေ အားလုံးကို အပြီးမဆောက်ပေးနိုင်ခဲ့ဘူး… သင်္ကြန်ပြီးတော့မှာ ကျန်တဲ့ အိမ်လေးတွေကို အပြီးသပ်သွားဆောက်ပါတယ်… အိမ်တွေ အားလုံးပြီးသွားတော့ ကိုယ်တို့တွေပြန်ဖို့ နှုတ်ဆက်ကြတယ်… အားလုံးဝမ်းနည်းကြတယ်… တစ်လခွဲလုံး တူတူ ပြဿနာတွေ ဖြေရှင်းကြ… သူတို့တွေရဲ့ မိသားစုအခြေအနေတွေကို ကိုယ်တို့ကို ပြောပြကြနဲ့ အတော်ကို ခင်မင်ရင်းနှီးနေပါပြီ…

သူတို့ထဲမှာ မိန်းမနှစ်ယောက်ယူပြီး တစ်အိမ်ထဲမှာ တူတူထားတဲ့ သဘောကောင်းတဲ့ အမျိုးသားကြီး … သားသမီး ၂ ယောက် နာဂစ်မှာ ဆုံးသွားပြီး အခုနောက် တစ်ဗိုက်ထပ်လွယ်ထားတဲ့ မိန်းခလေး… နာဂစ်ဖြစ်ပြီး ဒုက္ခသည်စခန်းမှာမှ စတွေကြပြီး ငယ်ပေါင်းတွေလို့ကို ထင်ရအောင် တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတဲ့ သူငယ်ချင်း ၃ ယောက်… ကိုယ်ကိုတွေ့ရင် သူညီမလေးကို ကိုယ်လက်ထဲထည့်ပြီး ဆရာမ ခေါ်သွားလို့ ပြောတတ်တဲ့ ကလေးမလေး… (သူအမေကပါ ခေါ်သွားဆရာမ… အဲဒါမှ သူတို့ ပညာတတ်မှာ…တဲ့) နာဂစ်ဖြစ်ပြီးစ ရန်ကုန်က သူဌေးတွေလာတုန်းက မွေးစားချင်တယ်လို့ ပြောတာကို အမေက မထည့်တာကြောင့် မလိုက်သွားလို့ငိုတယ်ဆိုတဲ့ ကောင်မလေး…
ဘဝတွေ အများကြီးကို တစ်လကျော်ကျော်လောက်အတွင်းမှာ တွေ့လိုက်ရပါတယ်… ဒီလို ခဏလေးနဲ့ ကိုယ်တို့တွေ ဒီလိုခင်မင်ရင်းနှီးသွားပြီး ခုလိုခွဲရမယ်ဆိုတော့ လူတိုင်း မျက်ရည်ဝဲကြတယ်…

လေဘေးဒုက္ခသည် အုပ်စု (၂)ခုရဲ့ ခေါင်းဆောင် (၂)ဦးပါ…
ကိုယ်တို့ရဲ့ အလုပ်တွေကို အများဆုံးကူညီပေးခဲ့တဲ့သူတွေလည်း ဖြစ်ပါတယ်…
နှုတ်ဆက်ပွဲလုပ်နေတဲ့ အချိန်မှာ ကိုယ့် Project Manager နှတ်ဆက်စကားပြောနေတဲ့ အချိန် သူတို့ခံစားနေရတာကို ရိုက်ထားတာပါ…

သူတို့တွေ ဒီလို ခံစားနေရတာတွေ မြင်ပြီး ကိုယ်မှာ မျက်ရည်မကျမိအောင်… စကားပြောရင်း အသံတွေ မဝင်သွားအောင်… မနည်းကြိုးစားပါတယ်…
စကားပြောပြီး ဒီလိုပျော်ပျော်ရွင်ရွင် နှုတ်ဆက်ကြတယ်…

အဲဒါပြီးနောက်တစ်ရက် မနက် ၈နာရီမှာ အဲဒီအမာမြို့လေးကနေ ကိုယ်တို့ ထွက်ခဲ့ကြတယ်… သဘောင်္ဆိပ်အထိ သူတို့လိုက်နှုတ်ဆက်တုန်း…

တာဝန်နဲ့လာတဲ့ ကိုယ်တို့တွေကို သူတို့က စိတ်ရင်းအမှန်နဲ့ ခင်မင်ရှာတယ်… ကိုယ်တို့သူတို့ဆီ နောက် project တစ်ခုနဲ့ ပြန်ရောက်အုံးမှကို ကိုယ်တို့က သိပေမယ့် သူတို့ကို သေချာပြောပြလို့ မရလို့ သူတို့ကတော့ အပြီးပြန်တယ်ပဲ ထင်ကြတယ်…

ဒီကောင်မလေး ၃ ယောက်က ကိုယ်တို့ ငှားနေတဲ့ အိမ်နားက ညီအမတွေပါ… ကိုယ့်ကို ဘယ်လောက်များ တွယ်တာလဲဆို… နာဂစ် နောက်တစ်ခါ ထပ်ဖြစ်ရင် ကောင်းမှာ … ဒါမှ မကြီးဆွိနဲ့ ပြန်တွေ့ရမှာတဲ့… ဒါနဲ့ သူတို့ကို
နောက်အလုပ်တစ်ခု ထပ်ရရင် နာဂစ်ဖြစ်စရာမလိုဘူး ကိုယ်ပြန်လာမယ်ဆိုတာကို ပြောပြခဲ့သေးတယ်…

Saturday, May 2, 2009
ဒီနေ့
ဒီနေ့ နာဂစ်မုန်တိုင်းဖြစ်တာ... ၁ နှစ်ပြည့်ထဲ့နေ့ ....
အဲဒီမှာ အသက်ဆုံးပါးသွားသူတွေကို အမျှဝေပါတယ်...
ကျန်ရစ်သူမိသားစုတွေ အတွက်လည်း ဝမ်းနည်းကြောင်း ပြောချင်ပါတယ်...

Friday, May 1, 2009
သဘောင်္ဖြင့် ခရီးသွားခြင်း
ကိုယ် အခု ဘိုကလေးကို သွားတဲ့ သဘောင်္ကြီးပေါ်မှာပါ…
သဘောင်္နာမည်က ပုသိမ်သူ တဲ့…. ညနေ ၅နာရီခွဲ ရန်ကုန် စဉ်အိုးတန်းဆိပ်ကမ်းက ထွက်ပါတယ်… လက်မှတ်ကို ဖုန်းဆက်ပြီးဖြစ်ဖြစ်… ရောက်မှဖြစ်ဖြစ် ဝယ်လို့ရပါတယ်… သုံးထပ်သဘောင်္ကြီးပါ… ကိုယ်က တောင်ပေါ်သူဆိုတော့ အခုအလုပ်လုပ်မှပဲ ရေလမ်းခရီးနဲ့ ရင်းနှီးတာပါ… ခါတိုင်း တောင်ပေါ်မှာ ကားကြီးတွေပဲစီးနေကြဆိုတော့ သဘောင်္ရဲ့ အရသာကို ကိုယ်သိပ်မသိပါဘူး…. အခုတော့ သဘောင်္ရဲ့အရသာကို ကိုယ်တော်တော်ကြိုက်တတ်နေပြီ… ဇိမ်ကျတယ်… အိပ်ပြီးလိုက်သွားချင်လည်းရတယ်… လမ်းလည်းမကြမ်းဘူး.. ဖုန်လည်းမထူဘူး…
ကိုယ်တို့တွေတောင်ပေါ်ပြန်ရင် အဲကွန်းကားကြီးတွေနဲ့ ပြန်တော့ သိပ်မသိသာလှပေမယ့် ဘိုကလေးကားတွေကတော့ လုံးဝဇိမ်မကျပါဘူး… ဖုန်တလောင်းလောင်းနဲ့ ကားခုန်တာနဲ့ အီနေအောင်ကို ခံစားရပါတယ်… တစ်ခုတော့ ရှိတယ် ရူခင်းတွေကြည့်သွားလို့တော့ရတာပေါ့… ဒါပေမယ့် ရူခင်းတွေက ကြည့်ရင်းရင်း ဒါဒါတွေပဲဆိုတော့ ညီးငွေ့သွားပြန်ရော… ကားပေါ်ကထိုင်ခုံတွေကလည်း ကိုယ်တို့ဆီက အဲကွန်းကားတွေလို နောက်မှီကို လှန်လို့မရပါဘူး… ဟိုးကိုယ်တို့ငယ်ငယ်တုန်းက ကယားဘက်ကို ဆွဲတဲ့ကားတွေလိုပါ… ခုတော့ အဲဒီဘက်ကကားတွေ ကောင်းသွားပြီလား
ဒီတိုင်းပဲလားတော့ ကိုယ်လည်း မသွားဖြစ်တော့လို့ မသိတော့ပါဘူး…
ကိုယ်ဘိုကလေးသွားတာ ဒီတစ်ခါဆို သုံးခါမြောက်ပါ… ဒီတစ်ခါပဲ သဘောင်္နဲ့ သွားဖူးတာပါ… ပထမဆုံးအခေါက်က ရုံးကအစီအစဉ်နဲ့သွားတာ… ကားက နေ့လည် (၁) နာရီဆိုပြီး (၂) နာရီ ထိုးမှထွက်ပါတယ်… နေ့လည်ကြီးဆိုတော့ ပူလိုက်တာလည်း လွန်ပါရော… လမ်းတောက်လျှောက်လည်း ကားက နှေးပြီး လမ်းက ဂိတ်တွေမှာလည်း အကြာကြီး ရပ်ပါသေးတယ်… အဲဒီအခေါက်ကများ ကိုယ်ဘိုကလေးရောက်တော့ ည (၉) နာရီရှိပြီ…
ဒုတိယအခေါက်ကတော့ ကိုယ်ကိုယ်ကိုယ် စီစဉ်တာပါ… သင်္ကြန်ပြီးတောင်ကြီးက ပြန်အလာ… မုန်တိုင်းကလည်း ဖြစ်ပြီးခါစဆိုတော့ ကိုယ်ကြောက်လို့ ကားနဲ့ပဲပြန်သွားပါသေးတယ်… အဲဒီအခါလည်း တော်တော်ကို ပင်ပန်းပါတယ်… တောင်ကြီးကနေ ရန်ကုန်ကို ကားတစ်ညလုံးစီး မနက် ရန်ကုန်ရောက်ပြီး ညနေမှာ ကားပြန်စီးရတာ… ဒီအလုပ်များ အရင်က အလုပ်တွေနဲ့ ကွာပါတယ်… အရင်အလုပ်တုန်းကဆို တစ်ရက်တစ်ရက် အဲကွန်းခန်းထဲမှာ အင်တာနက်လေး သုံးနေရုံပဲ… ဒါပေမယ့် ဒီအလုပ်ကို ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ် ရွေးချယ်တာပါ…
(မမျှော်လင့်တဲ့အချိန်မှာ ဒီအလုပ်ကို ရလိုက်လို့ အရင်အလုပ်ကို ကိုယ်ဘာမှ ကြိုပြောချိန်မရှိလိုက်ပါဘူး… အဲဒါကြောင့် အရင်လကတည်းက ထွက်ခဲ့တဲ့ အဲဒီအလုပ်က လစာ အခု ဒီလကုန်ပြီ… ခုချိန်ထိမရသေးဘူး…မဆိုင်တာလေး ထည့်ရေးမိလို့ ကွင်းခက်တာပါတယ် ဘောစ့်ရေ… )
ဒီတစ်ခါတော့ သဘောင်္နဲ့ပြန်တော့ ခုကိုယ် ခရီးသွားရင်း တစ်ခါတည်း စာတောင်ရေးနေလို့ရသေးတယ်… စာကလည်းစိတ်ပါတဲ့ အချိန်လေး တစ်ခါတည်း ရေးလိုက်မှ မဟုတ်ရင် ပျောက်သွားရော… ကိုယ်လက်ရေးနဲ့ရေးထားတာလေးတွေရှိသေးတယ်… ဒါပေမယ့် နောက်တစ်ခါ အဲဒီရေးပြီးသား စာကို ပြန်ရိုက်ရမှာ ကိုယ်သိပ်ပျင်းတာပဲ… Notebook လေး ဝယ်ပေးတဲ့ ကြီးတော်ကို ကျေးဇူးကမ္ဘာပါ… အရမ်းကို တကယ်ကို ကျေးဇူးတင်တာပါ… ဒါလေးတစ်ခုတည်း မဟုတ်ပါဘူး သူကိုယ်ကို ပေးခဲ့တာ အများကြီးပါ… အားလုံးအတွက် ကျေးဇူးတင်ပါတယ်…
ခုဆို သူဒါလေးပေးခဲ့လို့ နက်ဖြန်ဆို ကိုယ် ဘိုကလေးမှာ အင်တာနက်သုံးလို့ရတော့မယ်… အဲဒီမြို့လေးမှာ အင်တာနက်ဆိုင်မရှိဘူး… GSM ဖုန်းမရှိဘူး… Computer သင်တန်းမရှိဘူး… (ကိုမျိုးရေ… ဘိုကလေးမှာ KMD လာဖွင့်ပါလား… ကိုဖြိုးနဲ့ ဖြိုး… ကိုကျော်စွာ… ခရမ်းပြာ… တို့ရော… အင်တာနက်ဆိုင် လာဖွင့်ဖို့ စိတ်မကူးဘူးလား… တစ်ဆိုင်မှ မရှိဘူးနော်.. ပြိုင်စရာကို မလိုဘူး..
မဖြိုးရေ ဆရာကို CMS အခွဲတစ်ခုလောက် လာဖွင့်ခိုင်းပါလား.. service center တစ်ခုမှမရှိဘူးနော်… ဒီမှာဆိုလည်း ဘယ်သူနဲ့မှကို ယှဉ်စရာမလိုတော့ဘူး..
အေးဆေးပဲ.. အဟဲ… လျှပ်စစ်မီးတော့ ရှားတယ်… မွဲဆေးဖေါ်တယ်ဆိုပြီး ကိုယ့်ကို ဝိုင်းဆော်နေပါအုံးမယ်… )
ဘိုကလေးမှာ ကိုယ်ပိုင် Laptop ရှိရင်တော့ WFP နဲ့ UNICEF မှာ သွားသုံးလို့ရပါတယ်… Free ဆရာ မိုက်တယ် … ဒီတစ်ခုတော့ …
ရေးရင်းနဲ့ ဘယ်တွေရောက်ကုန်လဲမသိပါဘူး…
ကိုယ်စရေးတုန်းကတော့ သဘောင်္ကြီးနဲ့ ခရီးသွားတဲ့ အကြောင်းရေးမို့ပါ… စာမရေးတာကြာတော့ ရေးချင်တာတွေများပြီး ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြီ… ပြန်လဲမပြင်ချင်ဘူး.. ဒီတိုင်းပဲဆက်ရေးလိုက်တော့မယ်နော်… ကိုယ်သဘောင်္ပေါ်စတတ်တော့ ၅ နာရီလောက်ပါ… လက်မှတ်က မနက်က ဖုန်းဆက်မှာထားတော့ ရတဲ့နေရာက နည်းနည်းကောင်းပါတယ်… လက်မှတ်ဝယ်ပြီး သဘောင်္ထွက်ခါနီး တော့ မိုးတွေအုံနေပါတယ်…

.JPG)
.JPG)
.JPG)
.JPG)
.JPG)
.JPG)
.JPG)
.JPG)
.JPG)
.JPG)
သဘောင်္ဘေးမှာ ဇင်ယော်တွေ ဝဲလို့….
သဘောင်္မထွက်ခင်လေးမှာ မိုးတွေသည်းသည်းမဲမဲရွာလာတာ… ကိုယ်တစ်ယောက်တည်း ကြောက်မိသေးတယ်… ရေလည်းမကူးတတ်… တစ်ခုခုဆို ငါတော့ဒုက္ခပဲဆိုပြီးတော့… နောက်ပြီး ဥစွာလည်းခြောက်ရသေးတယ်… ကိုယ့်ပိုင်ဆိုင်ပစ္စည်းတွေအားလုံးနီးပါး ကိုယ်အိတ်ထဲမှာ တစ်ခုခုများဖြစ်ရင်.. လူလွတ်ရင်တောင် ကိုယ်ပစ္စည်းလေးတွေတော့ လစ်ပြီ… တော်သေးတယ်… သဘောင်္ထွက်ပြီး ခဏလေးနေတော့ မိုးတိတ်သွားတယ်…
ခဏလေးနေတော့ နေလေးနည်းနည်း ပြန်ပွင့်လာတယ်… ကိုယ်အရမ်းပျော်သွားတယ်… နေဝင်တာကို ဓါတ်ပုံရိုက်ရလို့… နေဝင်တာကို ကိုယ်သိပ်ချစ်တယ်… တောင်ပေါ်မှာရှိတဲ့ နေ့တွေဆို အောက်ဘုရားမှာ နေဝင်တာသွားသွားကြည့်တတ်တယ်… အိမ်ပြန်ရင် မိုးချုပ်လို့ အိမ်ကဆူတာ ခံရတာလည်း ခဏခဏ… မိုးချုပ်မှာပေါ့ အောက်ဘုရားတောင်ပေါ်ကနေ အောက်ဘက်က နေဝင်တာကို စောင့်ကြည့်တာဆိုတော့ ကိုယ်တို့တောင်ပေါ်မှာက နေဝင်တာကြာပြီ… ကိုယ်တို့က နေမင်းကြီးကို ငုံပြီးကြည့်နေတာလေ…
နေဝင်နေတာကို ရိုက်ထားတဲ့ပုံလေးတွေပါ…

ကိုယ်ဘေးမှာ အန်တီကြီးတစ်ယောက်လာ ရပ်ပါတယ်.. သူမြေးလေးကို ကိုယ်မော်ဒန်လုပ်ပေးဖို့ အကူအညီတောင်းပြီး တစ်ပုံရိုက်ပါသေးတယ်… သူက ကင်မရာကို တည့်တည့်ကြီး ကြည့်ပြီး ပြုံးပြပါတယ်.. ကိုယ်လိုချင်တာ အဲဒီပုံမျိုးမဟုတ်ဘူး.. သူရဲ့အရိပ်လေးနဲ့.. နေရောင်ကို ရိုက်ချင်တာ… ကိုယ်လည်း ထပ်တောင်းဆိုရမှာ အားနာတာနဲ့ ဒီတိုင်းပဲနေလိုက်ပါတယ်…
နောက်ကျတော့ သူအဖွားက ဒီလိုရပ်နေတော့ ကိုယ်ဒီပုံလေး ရိုက်ခွင့်ရသွားပါတယ်… ဒီတစ်ခါတော့ ခွင့်မတောင်းမိတော့ဘူး ကိုယ်ရိုက်ချင်လို့ ဒီတိုင်းလေးပဲ ရိုက်လိုက်တော့တယ်…

အဲ ခဏလေးနေတော့ အဖွားကြီးကို ခိုးရိုက်မိတဲ့ကိုယ် ချက်ခြင်းကို ဝဠ်လိုက်ပါတော့တယ် နေမင်းကြီးကို ကိုယ် ရေရေလည်လည် ခံစားနေတုန်း အကိုကြီးတစ်ယောက် ကိုယ်ကို သူဖုန်းနဲ့ ခိုးရိုက်နေတာ ကိုယ်တွေ့လိုက်တယ်… ပြဿနာမလုပ်ချင်တာနဲ့ ကိုယ်ဒီတိုင်းပဲ မသိသလိုနေပေးလိုက်ပါတယ်…
တံတားကြီးတစ်စင်းကို တွေ့လို့ ဓါတ်ပုံရိုက်လိုက်သေးတယ်… တံတားနာမည်ကိုတော့ ကိုယ်မတွေ့လိုက်ဘူး… တံတားပေါ်မှာရေးထားတဲ့ စာသားကတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး ဆီသို့တဲ့…
ဘယ်လိုပဲပြောပြော တံတားနဲ့ နေဝင်ချိန် အရမ်းကို လှနေပါတယ်…

ဒီလိုနဲ့ သဘောင်္ပေါ်ကနေ မြစ်ရဲ့ အလှအပကို ခံစားပြီးလိုက်လာလိုက်တာ နေဝင်မှောင်သွားတဲ့ အထိပါပဲ…
ဒါကတော့ တစ်ဖြည်းဖြည်းမှောင်သွားတာကို စောင့်ရိုက်ထားတဲ့ ပုံတွေပါ...

နေဝင်သွားပေမယ့် ပတ်ဝန်းကျင်က အတော်ကို လှနေသေးပါတယ်…
အလှအပတွေကုန်သွားတော့ မလှပတဲ့ အရာတွေ ရောက်လာပါတယ်…
ကိုယ်တို့စီးလာတဲ့ ရှပ်ပြေးက ဘိုကလေးကနေ မော်ကျွန်းအထိရောက်ပါတယ်…
အဲဒီမှာ ဒုက္ခတွေ့တာပါ… ကားဆိုရင် မှတ်တိုင်ကျော်ပြီးပါသွားရင်တောင် ဆင်းပြီးလမ်းလျှောက်လို့ရသေးတယ်… အဲ … သဘောင်္မှာကတော့ ပါသွားရင်ပြီးပြီပဲ….
ကိုယ်အဲဒီလိုပါသွားတဲ့သူ ၂ ယောက်လောက် တွေ့ဖူးတယ်… ကားကြုံစီးလိုရပေမယ့် လှေကြုံစီးတဲ့ ကိစ္စတော့ မကြားဖူးပါဘူး… ဒါနဲ့ ဘိုကလေးကို ၁၂ ခွဲလောက်ဆို ရောက်တတ်တယ်ဆိုလို့ ၁၂ နာရီ ၁၅ မိနစ်မှာ Alum ပေးထားလိုက်တယ်… ဒါပေမယ့် ကိုယ်စီးလာတဲ့ သဘောင်္က အရမ်းကို နှေးလို့ ဘိုကလေး ရောက်တော့ မနက် ၄ နာရီလောက်ရှိပါပြီ…
အဲဒီမှာ ကိုယ်အိပ်လိုက်ရင်လည်း မော်ကျွန်းအထိပါသွားမှာ ကြောက်လို့ မအိပ်ရဲတာနဲ့… ၁၂ ခွဲကတည်းက ၄ နာရီသဘောင်္ကပ်ထဲ့အထိ ကောင်းကောင်းပြန် မအိပ်လိုက်ရပါဘူး…
စောစောက သဘောင်္ကို သဘောကျတဲ့ စိတ်တွေ နည်းနည်းဒီဂရီကျသွားတယ်…
နောက်ဆုံးဘိုကလေးရောက်တော့ ပိုဆိုးသွားရော… သဘောင်္က ကမ်းကပ်နေတာ နာရီဝက်လောက်ကို ကြာတယ်… ကမ်းကို လှမ်းတွေ့နေရလျှက်နဲ့ ကိုယ်မှာ ကမ်းပေါ်မတတ်ရဘူး…
နောက်ဆုံးကမ်းကပ်လို့ရတော့ သဘောင်္ ၂ စီးလောက်ကို ဖြတ်ရသေးတယ်… အဲဒီထဲက တစ်စီးက အရမ်းကို မြင့်နေလို့ တွယ်တတ်ရတယ်… အဲဒီသဘောင်္ပဲ ကမ်းကို ကုန်းဘောင် လို့ခေါ်တဲ့ သဘောင်္နဲ့ ဆိပ်ကမ်းကို ဆက်ထားပေးတဲ့ သစ်သားပြားက တစ်ပြားထဲ… ဝေးကလည်းအဝေးကြီး… ကိုယ့် ဖိနပ်စီးပြီး လျှောက်ရင် ပြုတ်ကျမှာစိုးလို့ ဖိနပ်တောင် ချွတ်လိုက်ရသေး… ရှိရှိသမျှ ဘုရားစာလည်း ကုန်တာပဲ…
ကိုယ်တော်တော်ကျွတ်သွားတယ်… ဒါပေမယ့် ကားထက်တော့ လူသက်သာတယ် … သဘောင်္စီးရတာ… လှိုင်းလည်း မမူးတတ်တော့.. လှိုင်းမူးတတ်တဲ့သူတွေအတွက်တော့ သဘောင်္က အဆင်ပြေမယ် မထင်ဘူး…

Tuesday, April 28, 2009
ဟိုရောက်ဒီရောက်...
စာတွေမရေးဖြစ်တာတောင် တော်တော်ကြာသွားပြီ...
တစ်လကျော်ကျော်ရှိသွားပြီ... တောထဲမှာသွားနေနေရတာ...
ကိုယ့်အသားအရည်တွေလည်း ကြေးနီရောင်ထလို့..... (မည်းသွားတာကို တိုက်ရိုက်ကြီးမပြောချင်လို့ပါ...)
အဲဒီမှာ နေကပြင်းတယ်... ပြီးတော့ တစ်ချိန်လုံး သဘောင်္းစီးလိုက် ကားစီးလိုက်နဲ့ ... နေတွေလောင်ပါတယ်...
အလုပ်လုပ်ရတဲ့အချိန်ဆိုရင်လည်း ကွင်းထဲမှာဆိုတော့ နေပူကြီးထဲလည်းသွားရတာပါပဲ...
ကိုယ်က စကားပြန်ဆိုတော့ နိုင်ငံခြားသားသွားတဲ့နောက်ကို တောက်လျှောက်လိုက်ရတာ...
သူက အင်ဒို ကလာတာ... သူက ကိုယ့်ထက်တောင် မည်းသေး...
ခံနိုင်ရည်လည်းရှိတယ်... သူသွားသလို ကိုယ်က လိုက်ရတော့ အဲဒီက ဒေသခံတွေတောင် ကိုယ်ကိုအံ့သြလို့ ...
ဖြူဖျော့ဖျော့နဲ့ ခံနိုင်ရည်ရှိလို့တဲ့လေ.... ခုတော့ သိပ်မဖြူတော့ပါဘူး...
ဒီတစ်ခါ ခဏပြန်လာတာပါ... ရန်ကုန်မှာ ကိစ္စလေးတစ်ခုရှိလို့ ...
ဒီညနေ သဘောင်္နဲ့ ဘိုကလေးကို ပြန်သွားမယ်... ဟိုကို ညကြီးရောက်သွားမှာပါ... အိပ်စင်ပါတယ်လို့ ပြောတယ်...
ခါတိုင်းတော့ ကားနဲ့ပဲသွားဖူးတာပါ... ကားနဲ့သွားရင် ရန်ကုန်-ဘိုကလေးကို ၆ နာရီကျော်ကျော်လောက်မောင်းရပါတယ်...
လမ်းတွေက ဆိုး... ကားတွေက မကောင်းနဲ့ဆိုတော့ သွားရတာ အဆင်မပြေပါဘူး... အရမ်းကို ပင်ပန်းတယ်...
သဘောင်္နဲ့ဆိုရင်တော့ သဘောင်္လမ်းက မကြမ်းတတ်ဘူး... အိပ်ပြီးလိုက်သွားရုံပါပဲ...
ဒီတစ်ခါ ဟိုကိုပြန်သွားရင် သိပ်ကြာမယ်မထင်ပါဘူး.. တစ်ရက် နှစ်ရက်နေရင် ပြန်ရောက်လာမှာပါ...
ဒီလိုဆိုရင်တော့ ပိုစ့်တွေ များများတင်နိုင်လောက်ပြီထင်ပါတယ်...

Sunday, April 19, 2009
ခရီးသွားတာလား အလုပ်လုပ်တာလား....
ကိုယ်အခု ဘိုကလေးမှာ အလုပ်လုပ်နေတယ်... တကယ်တမ်းတော့ ခရီးတွေထွက်နေရသလိုပါပဲ...
အလုပ်ကလည်း စကားပြန်ဆိုတော့ တာဝန်သိပ်မကြီးလှဘူး...
အေးဆေးပဲ သူများစရိတ်နဲ့ ခရီးတွေသွားနေရသလိုပဲ...
ဓါတ်ပုံတွေရိုက်ပြီးမှ ကိုယ် မှားပြီး format ချလိုက်မိလို ရိုက်ထားသမျှကုန်သွားပြီ...
ပြီးတော့ အွန်လိုင်းလည်း ခါတိုင်းလို မတတ်နိုင်ပြန်ဘူး... တောမှာဆိုတော့...
စာတွေတော့ရေးထားတယ်... မတင်နိုင်သေးဘူး...
နောက်တစ်ခါပြန်လာမှပဲ တင်ပေးတော့မယ်...

Monday, March 23, 2009
ကဗျာလေးတစ်ပုဒ်တင်ပေးခဲ့ချင်ပါတယ်… သစ္စာနီရဲ့ ကဗျာလေးပါ… ကိုယ်အရမ်းကြိုက်လို့ မှတ်စုအုပ်ထဲမှာ ကူးထားတာ… မနေ့က ပြန်တွေ့လို့ …
အမည်မဲ့(၁)
ဖြစ်ရပုံများ
အိမ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်က မတော်
ကောင်းကင်နဲ့ ခေါင်းက မလွတ်…
ဖြစ်ရပုံများ
ကိုယ်လက်ဖက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက် မလိုင်ကုန်သွားရ…
ဖြစ်ရပုံများ
ထီမပေါက်တဲ့ အပြင်
ထီပေါက်စဉ်ကလည်း မှားသေး
ဖြစ်ရပုံများ
လက်မှတ်ဝယ်ပြီးသား ရထားက
တစ်စီးလုံးပျောက်သွားတယ်တဲ့……..
ကဲ ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်….
သစ္စာနီ
စတိုင်သစ် ဇူလိုင် ၂၀၀၃
အမည်မဲ့(၁)
ဖြစ်ရပုံများ
အိမ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်က မတော်
ကောင်းကင်နဲ့ ခေါင်းက မလွတ်…
ဖြစ်ရပုံများ
ကိုယ်လက်ဖက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက် မလိုင်ကုန်သွားရ…
ဖြစ်ရပုံများ
ထီမပေါက်တဲ့ အပြင်
ထီပေါက်စဉ်ကလည်း မှားသေး
ဖြစ်ရပုံများ
လက်မှတ်ဝယ်ပြီးသား ရထားက
တစ်စီးလုံးပျောက်သွားတယ်တဲ့……..
ကဲ ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်….
သစ္စာနီ
စတိုင်သစ် ဇူလိုင် ၂၀၀၃
နုတ်ဆက်တေးသံ
ကိုယ် ရန်ကုန်ကနေ နောက်တစ်နေရာကို သွားတော့မယ်… အားလုံးကို နှုတ်ဆက်ပါတယ်… ခါတိုင်းလို့ ပိုစ့်တွေ ခဏခဏ တင်နိုင်မယ်မထင်တော့ဘူး…
ဟိုမှာလည်း ကိုယ်စာတွေ ဆက်ရေးဖြစ်နေမှာပါ…
ဓါတ်ပုံတွေတော့ အများကြီးပြန်ပါလာမယ်ထင်ပါတယ်…
ရုတ်တရက်ဒီလိုသွားရမှာဆိုတော့ ကိုယ့်မှာဘာပြင်ဆင်ချိန်မှ မရှိလိုက်ဘူး…
အားလုံးကို ကိုယ်သတိရနေမှာပါ…
ဘယ်နေ့ အွန်လိုင်းပေါ်ပြန်ရောက်လာမလဲတော့ ကိုယ်လည်း မပြောနိုင်သေးဘူး…. တစ်ပတ်တစ်ခါလောက်တော့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်…
ကိုယ်အခု နာဂစ်ဒါဏ်ခံလိုက်ရတဲ့ ဘိုကလေးမှာ အလုပ်သွားလုပ်မှာပါ…
မြို့ပြကနေ လူနေမှုကနေ ခဏရှောင်ထွက်သွားတာပေါ့…
ကိုယ်ပျော်မယ်လို့ ထင်ပါတယ်… တစ်ခါမှ မရောက်ဘူးတဲ့ အသိမိတ်ဆွေမရှိတဲ့ နေရာတစ်ခုကို သွားတာ ဒီတစ်ခါပါရင် တတိယအကြိမ်ပါ…. ပထမဆုံးတစ်ခါ မန္တလေး နောက် ရန်ကုန်… အခုတစ်ခါ ဘိုကလေး.ပါ… ဒီတစ်ခါမှ တကယ်ကို စွန့်စားမှုတစ်ခုလိုပါပဲ…
ဒီအလုပ်ကို လုပ်ချင်တာ မြို့ပြကို စိတ်ကုန်လို့ သက်သက်ပဲ ကြိုးစားခဲ့တာပါ… ရန်ကုန်နဲ့ ဝေးရင်ပြီးရော ဘယ်ဖြစ်ဖြစ် ထွက်သွားချင်နေတာ ကြာပါပြီ… တစ်ချို့အရာတွေကို ကိုယ်လွမ်းနေမှာပါ… ဒီမှာ ကိုယ်သံယောဇဉ်ရှိတဲ့ အရာတွေ တော်တော်များနေပါပြီ… မြို့ပြဘဝကို စိတ်ကုန်ပေမယ့် မြို့ပြညတွေကို ကိုယ်ချစ်တယ်… သူငယ်ချင်းတွေရဲ့ ရယ်သံတွေကို ချစ်တယ်…
တကယ်တော့ သူငယ်ချင်းတွေကို သေချာနှုတ်ဆက်သွားသင့်တယ်… (နော် PKK, CM, TN, MW, MT) ဆောရီးဟာ ငါလည်း နောက်ဆုံးအချိန်ကျမှ သိရတော့ ဘာမှလုပ်လို့မရတော့ဘူး…
ပြန်တော့ပြန်လာမှာပါ…
ဘယ်တော့လဲတော့ မသိဘူးပေါ့…

Wednesday, March 18, 2009
စာဖတ်ခြင်း...
စာဖတ်ခြင်းကို ကိုယ်ဟိုးငယ်လေးကတည်းက ကြိုက်ခဲ့တာပါ...
ငယ်ကတည်းက စာအုပ်တစ်အုပ်ရှိရင် ကိုယ်ငြိမ်နေတတ်တယ်...
စာဖတ်တာကို ဘယ်လိုစပြီး စွဲလမ်းခဲ့လဲဆိုတာတော့ ကိုယ်သေချာမမှတ်မိတော့ပါဘူး...
သူများတွေလို အိမ်ကလူကြီးတွေက စာအရမ်းဖတ်လို့ စာလိုက်ဖတ်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး... အိမ်မှာ ကိုယ်တစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေ စာသိပ်မဖတ်ကြဘူး... ကိုယ့်အစ်မ ဝမ်းကွဲတွေ၊ ကိုယ်ကြီးကြီး နဲ့ ဘကြီးတို့ကတော့ စာအရမ်းဖတ်ကြတယ်... အစ်မတွေကိုတော့ တစ်မြို့တည်းရှိနေလို့ သူတို့စာအရမ်းဖတ်တာတွေပင်မယ့်... ကြီးကြီးနဲ့ ဘကြီးတို့ကတော့ ကိုယ်နားမှာ မရှိကြပါဘူး... မေမေ့ဆီမှာကျန်ခဲ့တဲ့ သူတို့ဖတ်ခဲ့တဲ့စာအုပ်တွေကြောင့်သာ သူတို့စာဖတ်ကြောင်း ဘယ်လိုစာမျိုးတွေဖတ်တယ်ဆိုတာကို ကိုယ်ခန့်မှန်းလို့ရခဲ့တာပါ...
မေမေကတော့ ငယ်တုန်းက အရမ်းဖတ်တယ်လို့ပြောပေမယ့် ခုနောက်ပိုင်းတော့ စာဖတ်တာသိပ်မတွေ့တော့ပါဘူး...
ဖေဖေကတော့ စာဖတ်တာကို သိပ်သဘောကျပုံမရဘူး... ဆယ်တန်းအောင်ပြီး ကိုယ်စာအုပ်တွေ ငှားငှားဖတ်တော့ သူက အမြင်ကပ်ပြီး စွယ်စုံကျမ်းတွေ ထုတ်ပေးတာကို မှတ်မိသေးတယ်... သူက ရွဲ့ပြီးထုတ်ပေးတာလား... တကယ်ပဲ ဖတ်စေချင်လို့လားတော့ ကိုယ်မသိပါဘူး... ဒါပေမယ့် အဲဒီစွယ်စုံကျမ်းတွေကိုလည်း ကိုယ်စိတ်ဝင်တစားဖတ်လိုက်သေးတယ်... အရမ်းလည်း သဘောကျခဲ့တယ်...
စာတွေစဖတ်တတ်တဲ့ ၁ တန်း ၂ တန်းတုန်းကတော့ ကျောင်းပိတ်ရက်ဆို စာအုပ်ငှားဖတ်ခွင့်ရပါတယ်... မေမေက ဝတ္တု၊ ကိုယ်နဲ့ မောင်လေးက ကာတွန်း တစ်ယောက်ကို ၁ အုပ်စီ..
သောကြာ၊ စနေ ၂ ရက် စာဖတ်ခွင့်၊ စာအုပ်ငှားခွင့်က ကိုယ့်အတွက်တော့ တစ်ပတ်လုံးအတွက် မျှော်လင့်ချက်ပါ...
သောကြာနေ့ညနေ နေမဝင်ခင်မှာ အိမ်စာတွေ အပြီးလုပ်မှ စာအုပ်ဆိုင်သွားခွင့်ရတယ်...
အိမ်စာမပြီးရင် သွားပြီပဲ... အိမ်စာတွေပြီးလို့ စာအုပ်ဆိုင်သွားရင် မေမေက မလိုက်ပါဘူး.. သူဖတ်ချင်တဲ့ စာရေးဆရာနာမည်ကိုပြောပြီး ကိုယ်တို့၂ယောက်ကို သွားခိုင်းလိုက်တာပါပဲ...
စာအုပ်ဆိုင်ရောက်ရင် ငှားမယ့်စာအုပ်ကို ကိုယ်အကြာကြီးရွေးတတ်တယ်... ဘာလို့လဲဆိုတော့ စာအုပ်တွေ အများကြီးကို ဟိုလှန်ဒီလှန်လုပ်ပြီး ဖတ်နေတာပါ... ငှားရမှာက ၁ အုပ်ထဲဆိုတော့ ရွေးရတော်တော်ကိုခက်ခဲ့တာပါ...
တစ်ခါတစ်ခါ လမ်းမှာတောင် စာအုပ်ကို ဖတ်ပြီးပြန်ချင်ပြန်တာပါ...
အိမ်ရောက်ရင် ခဏလေးနဲ့ ဖတ်လို့ကုန်သွားရော.. အဲဒီဖတ်ပြီးသွားတဲ့ စာအုပ်ကို နောက်တစ်ရက်လည်း ဆက်ဖတ်...
ပြန်ပို့ခါနီးအထိ အပြန်ပြန်အလှန်လှန်ဖတ်တတ်တယ်...
မေမေရဲ့ ဝတ္ထုကတော့ ကိုယ့်တို့ကို မဆွဲဆောင်နိုင်ဘူး... အဲဒီတုန်းက စာတွေချည်းပဲပါတဲ့ စာအုပ်ကို ကိုယ်ဘယ်လိုမှ မဖတ်ချင်ပါဘူး... ညဆို ၃ယောက်သား စာအုပ်တစ်ယောက် တစ်အုပ်စီနဲ့ အိပ်ယာထဲမှာ ကွေးနေရတာ အရသာတစ်မျိုးပါ.. (ဖေဖေကတော့ ကားမောင်းလို့ အမြဲ ခရီးထွက်နေပါတယ်... အမြဲတမ်း အိမ်မှာ ကိုယ်တို့ ၃ ယောက်တည်း...)
အဲဒီအရွယ်ကတည်းက စာဖတ်ခြင်းကို ကိုယ်သဘောကျခဲ့တာ... ၃ တန်း ၄ တန်း အရွယ်လောက်ကျတော့ ကိုယ် သိုင်းဝတ္ထုတွေဖတ်တယ်... အဲဒီကနေ တဖြည်းဖြည်း တခြားဝတ္ထုတွေ ဖတ်တတ်လာတယ်... တာရာမင်းဝေ နဲ့ ဂျူး တို့က ကိုယ်အကြိုက်ဆုံး စာရေးဆရာတွေပါ... အိမ်မှာနေတုန်းကတော့ စာအုပ်ဖတ်ချင်ရင် နွေရာသီကို စောင့်ရပါတယ်... အိမ်ကကျောင်းစာမလုပ်မှာ စိုးလို့ ပေးမဖတ်ပါဘူး... တစ်ခါတစ်ခါ အရမ်းဖတ်ချင်တဲ့ အချိန်မျိုးဆို ကျောင်းအခန်းထဲမှာ ခိုးဖတ်ပါတယ်..၈ တန်း ၉ တန်း မှာအဆောင်သွားနေတော့ ကိုယ်နေ့တိုင်းစာအုပ်တွေ ငှားဖတ်ပါတယ်..
အဲဒီအရွယ်မှာ ဘာသာပြန်တွေကို အရသာတွေ့နေပြီ...
ကိုယ်နေတဲ့အဆောင်က ကိုယ့်အစ်မဖွင့်ထားတဲ့ အဆောင်ပါ... တစ်ခြားကျောင်းသူကျောင်းသားတွေက ပိုက်ဆံပေးပြီးနေပေမယ့် ကိုယ်ကိုတော့ ဒီတိုင်းခေါ်ထားတာ... သူတို့တွေကလည်း စာအရမ်းဖတ်တဲ့သူတွေဆိုတော့ အဆောင်မှာ စာအုပ်တွေမှ အများကြီးရှိပါတယ်... ကိုယ်နေရတဲ့ အခန်းကလည်း စာအုပ်စင်နဲ့ နီးနီးဆိုတော့ သူတို့စာအုပ်တွေအားလုံးနီးပါး ယူဖတ်ဖြစ်တယ်... ငယ်တုန်းဆိုတော့ ဘယ်သူက ကောင်းတယ် ဘယ်သူက မကောင်းဘူးဆိုတာကိုလည်း မခွဲခြားတတ်ဘူး... အားလုံးဖတ်တာပဲ...
ကိုယ် ၉ တန်းတုန်းက ကိုယ်က ကျောင်းစာမလုပ်ပဲ အပြင်စာတွေချည်း ထိုင်ဖတ်နေတတ်တယ်... အဲဒါကို ကိုယ်တို့ အဆောင်က ၁၀ တန်းတွေကပါ စာမလုပ်ပဲ စာအုပ်တွေ လိုက်ဖတ်လို့ သူတို့တွေတန်းစီပြီး စာမေးပွဲကျကြရော်... အဲဒါနဲ့ပဲ ကိုယ် ၁၀ တန်းလည်း ရောက်ရော အဆောင်ဆက်မနေရပဲ အိမ်ပြန်ရောက်သွားသေးတယ်...
၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်မတတ်ခင်ကြားထဲမှာ တစ်နှစ်လုံးစာကြမ်းပိုးလုပ်နေတာ... ကိုယ် ငှားတဲ့စာအုပ်ဆိုင်နာမည်က မိုးနတ်သား တဲ့... ဆိုင်ပိုင်ရှင်အကိုကြီးက စာဖတ်တာ ဝါသနာပါတော့ သူက
ကိုယ်အတွက် စာအုပ်တွေ ရွေးပေးတတ်တယ်... ဘာဖတ်ရမလဲ မသိတော့ရင် သူကိုသာမေးလိုက် စာအုပ်ကောင်းကောင်းတွေ ရွေးပေးတတ်တယ်... သူရွေးပေးလို့ မင်းသားလေး၊ သုခမြို့တော်၊ ပုလိပ် အဲဒီလို စာအုပ်ကောင်းတွေနဲ့ ကိုယ်ရင်းနီးခဲ့တယ်...
ကျောင်းတတ်တော့ ပထမနှစ်မှာ ကိုယ်မန္တလေးမှာနေတယ်... မန္တလေးကျောင်းနားမှာ စာအုပ်အရမ်းစုံတဲ့ စာအုပ်ဆိုင်တွေရှိတယ်.. ကျောင်းပိတ်ရက်ဆို ညမအိပ်ပဲ ကော်ဖီမတ်ခွက်ကြီး တစ်ခွက်နဲ့ စာဖတ်တတ်တယ်... တစ်ခါတစ်ခါ အတန်းလစ်ပြီး စာကြည့်တိုက်မှာ အပြင်က စာအုပ်ငှားပြီး သွားဖတ်တတ်တယ်... စာကြည့်တိုက်က စာအုပ်မစုံဘူး ဒါပေမယ့် အဲကွန်းရှိတယ်... ကိုယ်က တောင်ပေါ်ကဆင်းလာခါစဆိုတော့ အပူဒါဏ်ကို မခံနိုင်ပါဘူး...
ဒီလိုနဲ့ စာအုပ်တွေကို ကိုယ် တဖြည်းဖြည်းချစ်တတ်လာတယ်... ရန်ကုန်ရောက်တော့ စာအုပ်ဆိုင်တော်တော်နဲ့ ရှာမတွေ့လို့ စာအုပ်တွေ ဝယ်ဖတ်ရင်းက စာအုပ်စုတတ်လာတယ်... ခုဆို ကိုယ်ဆီမှာ စာအုပ်တွေ တော်တော်များပါတယ်... ကျောင်းတတ်နေတုန်းကဆို စာကြည့်တိုက်ဖွင့်ဖို့အထိ ကိုယ်စိတ်ကူးယဉ်ခဲ့တာ... ခုတော့မဖြစ်နိုင်သေးဘူးထင်ပါတယ်... တောင်ကြီးမှာ ပြန်ဖြစ်တဲ့ အချိန်ကျရင် အဲဒီအိမ်မက်ကို အကောင်အထည်ဖော်နိုင်မယ်ထင်တယ်...
ုနောက်ပိုင်းတော့ စာအုပ်တွေကို သိပ်မဝယ်ဖြစ်တော့ဘူး... ကိုယ်ကိုယ်ကိုယ်တောင် မနည်းလောက်အောင် သုံးနေရတာဆိုတော့... ငှားဖတ်စရာဆိုင်လည်းရှိတယ်ဆိုတော့ ... ကိုယ်ငှားတဲ့ဆိုင် ၂ ဆိုင်က အရမ်းစာအုပ်စုံတဲ့ ဆိုင်တွေပါ... နာမည်က ရွှေတောင်ပံ နဲ့ ရှင်သန်ရေး ပါ...
ကျောင်းပြီးပြီး သံရုံးမှပဲ ဆက်တတ်နေတုန်းက ကိုယ်စာတော်တော် ဖတ်ဖြစ်ပါတယ်... အရမ်းလည်း အားနေတော့...
အခု အလုပ်လုပ်ပြီးနောက်ပိုင်း စာအုပ်လည်း သိပ်မဖတ်ဖြစ်တော့ဘူး... ခုတလောမှ E-book တွေကို အင်တာနက်က ဒေါင်းပြီး ဖတ်ပါတယ်... စာအုပ်ကို ကိုင်ဖတ်ရတာလောက်တော့ အရသာမတွေ့ဘူး... လုံးဝမဖတ်ဖြစ်တာနဲ့ စာရင်တော့ အဆင်ပြေသလိုပဲ... အင်တာနက်တွေပေါ်လာတာ အဲဒီတစ်ခုကောင်းတယ်... ကိုယ်ရှာလို့မရတဲ့ စာအုပ်အဟောင်းတွေကို ဖတ်လို့ရလာတယ်... ဒါပေမယ့် ကိုယ့်ရဲ့စာဖတ်ချိန်တွေကို အင်တာနက်က လုယူသွားသလိုပဲ... ဒီတိုင်းဆို စာဖတ်ဖြစ်နေမယ့်အချိန်တွေ ခုတော့ အွန်လိုင်းပေါ်မှာ ကုန်ကုန်သွားတတ်တယ်...
တောင်ကြီးပြန်တဲ့အချိန်တွေဆိုရင်တော့ ကိုယ်စာဖတ်ဖြစ်ပါတယ်... အွန်လိုင်းသွားထိုင်ဖို့ဆိုပြီး ညဘက်အပြင်မှ ထွက်လို့မရတာ... ညညဆိုစာတွေပဲ ဖတ်ဖြစ်နေရော... အရင်ကလို စာပဲဖတ်နေလို့ဆိုပြီး ဖေဖေက မပြောတော့ပါဘူး... စွယ်စုံကျမ်းတွေလည်း မထုတ်ပေးတော့ဘူး... အဲဒီစွယ်စုံကျမ်းတွေ ကိုယ်လိုချင်လို့တောင်းတာတောင် ဘယ်နားရောက်နေလဲ မသိဘူးတဲ့...
အခုကိုယ်ကို အကြိုက်ဆုံးစာအုပ်ဘာလဲလို့ မေးရင်တော့ ကိုယ်မဖြေတတ်ပါဘူး... စာအုပ်တိုင်းမှာ ဆွဲဆောင်မှုလေးတွေရှိပါတယ်... ကိုယ်လည်း ကိုယ်ဖြစ်နေတဲ့ ခံစားချက်ကိုလိုက်ပြီး စာအုပ်တွေကို ပြောင်းဖတ်ဖြစ်ပါတယ်...

Saturday, March 14, 2009
သင်္ကြန်...
ဒီနှစ်သင်္ကြန် တောင်ကြီးကို ပြန်မယ်...
နှစ်တိုင်းနီးပါးလည်း ပြန်နေကျပါပဲ...
ဒီတစ်နှစ်တော့ သူငယ်ချင်းတွေပါ လိုက်ကြမယ်တဲ့...
တွေးကြည့်ရုံနဲ့ ကိုယ်ပျော်နေပြီ...
ဒီတစ်ခါတော့ ဓါတ်ပုံတွေ အများကြီးရိုက်လာပြီး ဘလော့ပေါ်တင်မယ်လို့ စိတ်ကူးတယ်...
ရှမ်းလေးက ပုံတွေ ကြည့်ပြီး တောင်ကြီးကို လွမ်းတယ်တဲ့...
သူလို လွမ်းတဲ့သူတွေအတွက်...
အလွမ်းပြေကြည့်ရအောင် တစ်မြို့လုံးပတ်ပြီး လိုက်ရိုက်လိုက်မယ်...
သင်္ကြန်ပြီးရင်ပေါ့.. သင်္ကြန်တွင်းတော့ မဖြစ်ဘူး.. ကင်မရာလေး ရေထိသွားရင် နောက်တစ်ခုရဖို့မလွယ်ဘူး...
စကားမစပ် ဒီနှစ် IC အဖွဲ့က တောင်ကြီးမှာတဲ့...
ကိုယ်တို့အုပ်စုတော့ အပြတ်ကဲလိုက်အုံးမယ်..
လိုက်ချင်ရင် ဆက်သွယ်ကြနော်... ဟဟ ..

Sunday, March 8, 2009
အမျိုးသမီးများနေ့
ဒီနေ့ ၈ ရက် မတ်လ... အမျိုးသမီးများနေ့ပါ... ဒီနေ့တော့ ဘာမှမလုပ်ဖြစ်ပေမယ့်...
မနေ့က ပြင်သစ်သံရုံးက လုပ်တဲ့ပွဲကိုတတ်ခဲ့ပါတယ်... သူတို့ကတစ်ရက်လုံး ဟောပြောပွဲတွေ၊ ဓါတ်ပုံပြပွဲ၊ ရုပ်ရှင်၊ ပြဇာတ်တွေ လုပ်ကြပေမယ့်...
ကိုယ်က အလုပ်နဲ့မို့လို့ ည မှပဲရောက်ခဲ့ပါတယ်...

ကျောင်းရှေ့က ရေပန်းပါ.. ရေတော့ မထွက်နေပါဘူး...
ကိုယ်တို့ရောက်တော့ ဒါရိုက်တာ ကြည်ဖြူရှင်ရဲ့ သတင်းကားပြနေပါတယ်... မြန်မာပြည် မြောက်ဖျားက အမျိုးသမီးတွေ အကြောင်းရိုက်ထားတာပါ... ကိုယ်ရုပ်ရှင်အကြောင်းသိပ်နားမလည်ပေမယ့် တော်တော်ကောင်းတဲ့ ကားတစ်ကားပါ... သူကိုလည်း အရမ်းကို လေးစားပါတယ်.. သူအသက်အရွယ်နဲ့ ဒီလောက်လုပ်နိုင်တာကို....

ဓါတ်ပုံပြပွဲကို ရိုက်ခဲ့တာပါ...

ကဗျာတစ်ပုဒ်ပါ... အမျိုးသမီးတွေ အတွက်ရေးဖွဲ့ထားတာ... ကဗျာကို ပန်းချီကားဆန်ဆန်လေး ရေးထာတာ... အရမ်းကောင်းတဲ့ စိတ်ကူးတစ်ခုပါ...
What Is a Woman?
(This poem is dedicated to every women who had been
or currently is on our earth)...
WHAT IS WOMEN
She si the tree of life, the essence of life and love...
The gift from God, from the heavens obove
From her womb, we all come...
Later we will call her mom...
Our first friend, love and teacher..
All we become is from her nuture...
When you're angery with your lover...
Always reflect back to your mother...
When you feell bitter, think of your sister...
Should you find you need cover always remember your grandmother.
Ten thousand smiles have kissed your face...
These women have made you the man you are in this place...
Cherist the women with all your heart...
Without them, seriously, our world would fall apart...
Love them tender, love them true...
All your dreams will come through...
Take your time to understand, what the women is to the man...
We are nothing without their love, they are our gifts from God above...
She is grandmother, mother, daughter, aunt and sister...
Lover, wife, neighbor, coworker and teacher...
Surrounded by beautiful and fragrant flowers everydays.
We must be carefull of what we do and say...
She is the tree of live, the essence of life and love...
The gift from God, from the heavens above...
gino vovick
ကဗျာစာသားလေးပါ...

အမျိုးသမီးတစ်ယောက်ရဲ့ ပန်းချီကားပါ....

ရုပ်ရှင်အစီအစဉ်တွေ ပြီးတော့ ကျောင်းသားတွေ ပြဇာတ်ကကြပါတယ်...
အမျိုးသမီးတွေအကြောင်း၊ အမျိုးသမီးတွေ ကြုံရတဲ့ အခက်အခဲ၊ အဲဒီ အခက်အခဲတွေကို သူတို့ ဘယ်လိုရင်ဆိုင် ဖြေရှင်းကြလဲဆိုတာ အတိတ်၊ ယခု၊ အနာဂတ် အချိန်ကာလသုံးမျိုးနဲ့ ဟာသဆန်ဆန်လေး ကပြသွားကြပါတယ်... ရီရသလို ရသလည်း မြောက်ပါတယ်...
ဒီအစီအစဉ်က နောက်ဆုံးအစီအစဉ်ပါ...

Subscribe to:
Posts (Atom)