ကိုယ်က Guide ဖြစ်ချင်သူပီပီ... ဘာသာစကားတွေကို လေ့လာရတာ ပျော်ပါတယ်...
ပြင်သစ်စကား၊ အင်္ဂလိပ်စကားတွေကို လောလောဆယ်ပြောတတ်ပါတယ်...
မနေ့က သူငယ်ချင်းတစ်ယောက်ပေးတဲ့ ဆိုက်လေးတစ်ခုကိုမျှချင်ပါတယ်...
http://www.livemocha.com ပါ
အဲဒီမှာ ဘာသာစကားတွေအများကြီးကို လေ့လာသင်ကြားနိုင်ပါတယ်...
ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ဆရာလုပ်လို့ရပါသေးတယ်...
Wednesday, February 25, 2009
Tuesday, February 24, 2009
စာမျက်နှာ တစ်ဆယ့်ငါး
ကိုလေးဖြူရဲ့ BOB ခွေရဲ့ နောက်ဆုံးအပုဒ်ရဲ့ သီချင်းခေါင်းစဉ်က
စာမျက်နှာ တစ်ဆယ့်ငါး ပါ...
သီချင်းစာသားတွေကတော့ ဘယ်ဆီကိုမင်းရောက်နေလဲ
ဘာတွေကိုမင်းလုပ်နေမလဲ
ဘယ်သူနဲ့မင်းရှိနေမလဲ.... တဲ့
စာသားနဲ့ ခေါင်းစဉ်နဲ့ ဘယ်လိုဆက်စပ်တွေးရမလဲတောင် မသိပါဘူး...
သီချင်းကတော့ နိုင်ငံတော်သီချင်းလို့ ခေါ်ရလောက်အောင် ပေါက်သွားပါတယ်...
ဟိုနေ့ကမှ တစ်ယောက်ကပြောပြပါတယ်... အဲဒီဆက်စပ်မှုကို... အားလုံးကို သိစေချင်လို့ ဒီပိုစ့်ကိုရေးတာပါ...
ရေးခွင့်ရှိမရှိတော့မသိပါဘူး... ဒါပေမယ့် ရေးပါ့မယ်...
စာမျက်နှာ တစ်ဆယ်ငါး ကို အင်္ဂလိပ်လိုရေးရင် Page 15 ပါ...
အဲဒီက P ကို ဖြုတ်... ဒါဆို AGE 15 ရပါတယ်...
တကယ်တမ်းတော့ အသက် ၁၅ နှစ်တုန်းက မိန်းကလေးတစ်ယောက်ကို တမ်းတပြီးရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ပါ...
ဒါကြောင့် အတိတ်တွေက မှုန်ဝါးပေမယ့်... ဆိုတာမျိုးတွေပါနေတာပါ...
ဒီအကြောင်းတွေကို သိလိုက်ရမှ သီချင်းကို အပြည့်အဝခံစားပြီး နားထောင်လို့ပိုကောင်းသွားပါတယ်...
ဒါမှ ကိုယ်ရဲ့ စာမျက်နှာတစ်ဆယ့်ငါး ကိုမြင်ယောင်ပြီး ခံစားလို့ရသွားမှာပါ...
ကိုယ်တော့ တော်တော်ပြန်စဉ်းစားယူလိုက်ရတယ်...

Saturday, February 21, 2009
ဖျားပြီ...
ဒီရက်ပိုင်း ရာသီဥတုက ချက်ခြင်းကြီးပူလာတယ်...
ကိုယ်နေပူမိပြီး နာစေးချောင်းဆိုးတွေ ဖြစ်ပြီး ဖျားရော...
မနေ့ကတစ်ရက်တော့ အလုပ်က ခွင့်ယူလိုက်သေးတယ်...
ဒီနေ့တော့ အိမ်မှာ နေရမှာ ပျင်းတာနဲ့ နေမကောင်းသေးပဲ အလုပ်လာတတ်လိုက်တယ်...
ဖျားတိုင်း အဲလိုပဲ အိမ်မှာမနေချင်ဘူး... သွားစရာရှိတာ ပေတေပြီး သွားလိုက်တာပဲ... ဆေးသောက်ရမှာလည်း အလွန်ပျင်း...
နေရင်းနေရင်းနဲ့တော့ သူအလိုလိုပျောက်သွားတတ်တာပဲကို...
မနေ့က ဂျာနယ်တစ်စောင်မှာ ဖတ်မိတယ်... အိပ်ပုတ်ကြီးတဲ့သူတွေမှာ အအေးမိတာမဖြစ်တတ်ဘူးတဲ့...
တစ်ရက်ကို ၇ နာရီထက်နည်းပြီး အိပ်ရင် ပိုပြီးအအေးပတ်တတ်တယ်...
၈ နာရီထက်ပိုအိပ်တဲ့သူတွေမှာတော့ အအေးမိနိုင်ဘူးတဲ့...
ကိုယ်လို ညကို ၁၂ နာရီ အစောဆုံးအိပ်တဲ့သူကတော့ ၈ နာရီကျော်အောင်အိပ်ဖို့ မလွယ်ပါဘုး...
ဒီလိုပဲ ရာသီဥတုပြောင်းရင် ကိုယ်ဖျားပြီ...
တစ်နှစ်ကို အနည်းဆုံး ၄ ခါလောက်ကတော့ ဒီလိုဖြစ်နေကျ... အကျင့်တောင်ပါသွားပြီထင်ရဲ့...
ရန်ကုန်ရာသီဥတုကလည်း ပူတော့ ရေလည်းချိုးရတာပဲ... ဖျားလို့ဆိုပြီး အိပ်ယာထဲနေတော့လည်း ပူလို့စိတ်ညစ်ရ...
အဲဒါနဲ့ပဲ လျှောက်ပတ်သွားနေလိုက်တယ်... ရန်ကုန်မှာ ဖျားရတာ ဇိမ်မရှိပါဘူး... တောင်ကြီးမှာဆို အိပ်ယာထဲမှာ သီချင်းလေးနားထောင်လိုက် စာလေးဖတ်လိုက် ပျင်းလာရင် ခွေလေးကြည့်လိုက်.. ဟဟ.. ဇိမ်ပဲ...
အချိန်တန်ရင် စားလိုက်သောက်လိုက်...
ဒီအချိန်ဆို မေမေ့ကိုလွမ်းလိုက်တာ...

Thursday, February 19, 2009
အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ...
တောင်ကြီးကနေ ကိုယ်ထွက်လာတာ... ခုဆို ၇ နှစ် ဂ နှစ်လောက်ရှိပါပြီ... ပထမကျောင်းတတ်မယ်.. ပြင်သစ်စကားသင်မယ်... ပြီးရင် တောင်ကြီးမှာ Station Guide လုပ်မယ်ဆိုပြီး ပြန်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ပါ...
ပထမတစ်နှစ် မန္တလေးမှာ ကျောင်းတတ်တယ်... နောက်တော့ ရန်ကုန်ပြောင်းလာတယ်... ရန်ကုန်မှာ ကျောင်းတတ်တယ် ကျောင်းပြီးရင်အိမ်ပြန်မယ်လို့ စဉ်းစားရင်းနဲ့ပေါ့… ဒီလိုနဲ့ UFL မှာကျောင်းပြီးတော့ AF (ပြင်သစ်ယဉ်ကျေးမူသံရုံး) မှာ ကျောင်းဆက်တတ် … ဒီလိုနဲ့ နှစ်တွေ ကုန်ဆုံးသွားတယ်…
ခုတော့ အဲဒီမှာ ကျောင်းမတတ်တော့ဘူး… ဒါပေမယ့် အိမ်ပြန်ခွင့်မရလို့ ခု ဒီမှာ အလုပ်ဝင်နေပါတယ်… အိမ်နဲ့ဝေးနေတာ နှစ်တွေကြာပါပြီ…. အရင်က အိမ်ကို စိတ်ကူးပေါက်တိုင်း ထပြန်လို့ရတယ်.. ခုအလုပ်နဲ့ဆိုတော့ သင်္ကြန်ပိတ်ရက်ပဲ အိမ်ပြန်လို့ရတော့တယ်… အဲဒီလို ပြန်ချင်တိုင်းပြန်လို့ မရတော့လို့ထင်တယ်… ပိုပြီးလွမ်းနေတယ်…
နေ့လည်ခင်း မိုးလေးအုံ့နေတဲ့အချိန်ဆို ယုဒဿန်ကိုလွမ်းတယ်… ညနေ အလုပ်ကအပြန် ကုန်းတံတားပေါ်က ဖြတ်လျှောက်ချိန် နေဝင်တာလေးတစ်စွန်းတစမြင်ရရင် အောက်ဘုရားနားက နေဝင်ချိန်ကို လွမ်းတယ်… လှည်ကလေး ဒိန်ချဉ်သောက်ရင် ကျိုင်းတုံက သဘောင်္သီးထောင်းနဲ့ ဒိန်ချဉ်ကို လွမ်းရပြန်ရော… လိုင်းကားကျပ်ရင် ဆိုင်ကယ်လေးကို လွမ်းတယ်… ဒုက္ခရောက်ချိန်ဆို ဖေဖေရဲ့ အားပေးသံ၊ မေမေ့အပြုံး၊ မောင်လေးရဲ့ နှစ်သိမ့်မှု (သူက ငါအစ်မ ဘာမှအားမငယ်နဲ့၊ ငါရှိတယ် ဆိုတာမျိုး .. ဟေ့ကောင် လုပ်၊ ဘာမှဖြစ်ဘူး လုပ်သာလုပ် ဆိုတာမျိုး ပါ) အဲဒါတွေကို တမ်းတမိတယ်…
အလုပ်ကနေ အိမ်ပြန်ရောက်ချိန် ညစာမရှိလို့ ခေါက်ဆွဲပြုတ်ပဲ စားလိုက်ရရင် အိမ်မှာဆိုရင်တော့ ကိုယ့်မေမေက သေချာလေးချက်ထားမှာပဲ တို့ ဒီအချိန်ဆို မေမေတို့ TV ကြည့်ရင်း ထမင်းစားနေမှာ ဆိုတာမျိုးတွေးမိပါတယ်…
တစ်ယောက်တည်းနေလို့ အထီးကျန်ချိန်တွေ ရှိသလို လွတ်လပ်တဲ့ အချိန်တွေလည်းရှိပါတယ်… ညဘက်အပြင်က ပြန်လာချင်တဲ့ အချိန်မှပြန်တာ… အိပ်ချင်တဲ့အချိန်မှ အိပ်ပြီး ထချင်တဲ့အချိန်မှ ထလို့ရတာတွေ… အလုပ်သွားရမယ့်နေ့မျိုးဆိုလည်း သွားဖို့အချိန်မှ ကပ်ပြီး ကုန်းရုန်းထလို့ရပါတယ်… အဝတ်တွေလည်း လျှော်ချင်တဲ့အချိန်မှလျှော်၊ လုပ်ချင်တာလည်း ဘယ်သူ့ကိုမှ ခွင့်တောင်းဖို့မလိုပဲ လုပ်ခွင့်ရှိပါတယ်…
ကိုယ်ဆို အလုပ်ကပြန်ရောက်ရင် အပေါ်တတ် ညစာစား ရေချိုးပြီးရင် တိုက်ခန်းအောက်က ခေါက်ဆွဲဆိုင်မှာ ကော်ဖီဆင်းသောက်၊ ဟိုလျှောက်ငေး ဒီလျှောက်ငေး လုပ်ရင်လုပ်၊ စာဖတ်တဲ့အခါဖတ်၊ လမ်းထွက်လျှောက်ချင်လျှောက်၊ အင်တာနက်ဆိုင်သွားရင်သွား၊ မီးလာရင်တော့ ခွေဝယ်ပြီး ကြည့်တတ်ပါတယ်။ (တစ်ခါတစ်ခါ သောက်ချင်တဲ့ အချိန်ဆိုလည်းသောက်ပေါ့။ အထူးသဖြင့် နက်ဖြန်ရုံးပိတ်တယ်ဆို ဒီညလိုမျိုး သောက်တတ်ပါတယ်) မူးလာပြီဆို တူတူသောက်တဲ့သူ အချင်းချင်း အိမ်အကြောင်းတွေ ပြောဖြစ်ကြတယ်။ ကိုယ်သူငယ်ချင်းတွေ အားလုံးနီးပါးလည်း အိမ်နဲ့ဝေးနေသူတွေဆိုတော့.. အဲဒီအချိန်မျိုးမှ လူမမြင်အောင် သိုဝှက်သိမ်းဆည်းထားတဲ့ အိမ်ကိုလွမ်းတဲ့ ခံစားချက်တွေ ပေါ်လာတတ်တယ်…
ကျန်တဲ့အချိန်တွေဆိုရင်တော့ အဲဒီအကြောင်း ဘယ်သူမှ မစပါဘူး… သူငယ်ချင်းတွေ ဆုံတယ်… စကားပြောတယ်… တစ်ခါတစ်ခါ သီချင်းဆိုတယ်… ဂစ်တာတီးတယ်… အချစ်အကြောင်းပြောတယ်… အလုပ်အကြောင်းပြောတယ်… အားလုံးကိုယ့်ဘဝကိုယ် ကျေနပ်သလိုနေပါတယ်… မူးပြီဆိုရင်တော့ အိမ်ကို လွမ်းပြီပဲ… တောင်ကြီးကိုလွမ်းတယ်… နေဝင်ချိန်ကိုလွမ်းတယ်… ကြယ်စုံချိန်ကိုလွမ်းတယ်… မိုးသောက်ချိန်ကိုလွမ်းတယ်… မြို့လေးနဲ့ ပတ်သတ်သမျှ အကုန်လျှောက်လွမ်းပါတယ်… တစ်ခါတစ်ခါ တောင်စုပုတောင်ပါသေး… ခုတော့သူလည်း မရှိတော့ပါဘူး…
ရန်ကုန်မှာ ပျော်စရာတွေ ပေါများပါတယ်… မူးယစ်စရာတွေလည်း ပေါတယ်… ဒါပေမယ့် ကိုယ်မသိစိတ်မှာရော သိစိတ်မှာရော အိမ်ကိုလွမ်းပါတယ်… ကိုယ်က အိမ်လွမ်းသူပါ… အိမ်ပြန်ဖို့ စိတ်ကူးတွေယဉ်ပြီး ကြံစည်လိုက် အိမ်နဲ့ ပိုဝေးသွားလိုက်နဲ့ အိမ်ပြန်ချိန်ကိုတောင်မသိတော့သူပါ… မျိုးကြီးကတော့ ကိုယ်ခံစားရသလို ဆိုထားတာမဟုတ်ပေမယ့် ကိုယ်ကတော့ အဲဒီသီချင်းလေးကို အိမ်ကိုလွမ်းတိုင်း ဆိုမိပါတယ်…

Wednesday, February 18, 2009
Torncity
TC ကို ကစားဖြစ်တာ ၂ နှစ်နီးပါးလောက် ရှိပါပြီ...
ငယ်ကတည်းက မိန်းကလေးပေမယ့် အကိုတွေ မောင်တွေနဲ့ ဂိမ်းလုကစားခဲ့တာပါ...
ဒါပေမယ့် TC လောက် ဘယ်ဂိမ်းကိုမှ စွဲစွဲလမ်းလမ်းမရှိခဲ့ဖူးပါဘူး...
TCကို စကစားဖြစ်တာကတော့ အဲဒီတုန်းက ကိုယ်Internetသုံးတဲ့ဆိုင်မှာ တစ်ဆိုင်လုံး ကစားကြပါတယ်...
သူတို့တွေပြောတော့ ဂိမ်းဆော့နေတယ်... ဆိုပြီး သူတို့ကို ကြည့်လိုက်တော့ စာတွေပဲရှိတဲ့ ဆိုက်တွေပဲကြည့်ကြည့်နေကြလို့ ကိုယ် အံသြနေတာပါ... နောက်ကျတော့ ကိုယ်သူငယ်ချင်းမလေး တစ်ယောက်ဆီကနေ ကစားနည်းမေးပြီး စဆော့လိုက်တာ...
TC ထဲမှာ ဘဝတစ်ခုကို ကိုယ်သွားတွေ့ရော...
ဟုတ်တယ်... TC Player တွေအတွက် ဘဝအသစ်တစ်ခုလိုပါပဲ...
အလုပ်လုပ်တယ်... ပိုက်ဆံရှာတယ်... အိမ်ဝယ်တယ်... အိမ်ထောင်ပြုတယ်... Crimeလုပ်လို့လည်းရတယ်... စသည်ဖြင့်ပေါ့...
Levelတွေ မြင့်လာတာနဲ့ လုပ်လို့ရတဲ့ အရာတွေ ပိုပိုများလာတယ်... ပိုပြီးစိတ်ဝင်စားဖို့ကောင်းလားရော...
ဥပမာ.. Level 15 ရောက်ရင် ခရီးထွက်လို့ရလာတယ်... ကိုယ်ကတော့ အာဖရိကသွားပြီး အမဲလိုက်တယ်...
Level တစ်ခါတစ်ခါတတ်ဖို့ကလည်း တော်တော်ကြိုးစားရပါတယ်... ပြီးတော့ ကိုယ်ဘယ်အချိန်မှာ Level တတ်ဖို့ Experience ဘယ်လောက်ရှိပြီလဲဆိုတာ မသိရတာကလည်း Feelတစ်မျိုးပါ... ကိုယ် Login လုပ်တဲ့အချိန် Lever ဘေးမှာ Upgrade ဆိုတာလေးပေါ်နေရင် အရမ်းပျော်ရပါတယ်...
TC ဆော့ရင်းနဲ့ ခင်တဲ့သူငယ်ချင်းတွေလည်းများသား... သူတို့နဲ့တွေ့ပြီဆိုတာနဲ့ TC အကြောင်းကလွဲလို့ ဘာမှမပြောပါဘူး.. အဲလို စွဲလမ်းကြတာ...
တူတူလိုက်ဆော့ဖို့ ဆွယ်နေတာတော့ မဟုတ်ပါဘူး... ကိုယ်ကြိုက်တဲ့အကြောင်းလေး ပြောပြတာပါ...

Saturday, February 14, 2009
ံHappy Valentine's Day
ပျော်စရာ ချစ်သူများနေ့ ဖြစ်ပါစေကြောင်း ချစ်သူရှိသူ စုံတွဲများအားလုံးကို ဆုတောင်းပေးလိုက်ပါတယ်...
ချစ်သူမရှိသူများကတော့ ကိုယ်ထိုက်နဲ့ ကိုယ်ကံပေါ့...
စောစောစီးစီးမှ မကြိုးစားထားတော့ ချော့ကလက်လေးတောင် ကျွေးမယ့်သူမရှိဘူးပေါ့... ဟိဟိ...
အဲဒါကို ခုမှလာပြီး ဆွိရေ... ငါအတွက် တစ်ယောက်လောက်ရှာပေးပါ လာလုပ်နေသူတွေက ရှိသေးတယ်...
စောစောအိပ်ယာထတဲ့ ငှက် ပိုးကောင်ရတယ်တဲ့... စောစောမှ အိပ်ယာမှ မထပဲ ခုမှတော့... ကိုယ်လည်း ဘာမှမတတ်နိုင်ပါဘူး...
ချောကလက် စားချင်သူတွေကိုတော့ ကိုယ်ဝယ်ကျွေးပါတယ်... အဲ ချစ်သူလိုချင်သူကိုတော့ မကူညီတတ်ဘူး... ကိုယ်မှာတောင် ရှားရှားပါးပါးရယ်... (အဟဲ... ဒီလိုပဲပြောရတာပဲ... ဘယ်သူဖတ်ဖတ် ပြဿနာမဖြစ်အောင်ပေါ့...)
ဒီနေ့ ကောင်လေး၊ ကောင်မလေးတွေ လက်ဆောင်ကိုယ်စီ၊ ပန်းလေးတွေ ကိုယ်စီ၊ ချောကလက်လေးတွေ ကိုယ်စီနဲ့ လျှောက်သွားနေကြတယ်... ကိုယ်ကတော့ အလုပ်ထဲမှာပါ... တစ်ချို့ရုံးတွေက ရုံးစောဆင်းပေးတယ်တဲ့... ကိုယ်ကတော့ အချိန်ပြည့်ရုံးမှာပါ... ကိုယ်ကိုယ့်ကိုယ်တောင် သနားသွားပြီ...
ဒီနေ့လေး ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာတော့ အားလုံးသိပြီးသားမို့ ပြောဖို့လိုမယ်မထင်ပါဘူး... ကိုယ်ပြောချင်တာက လူတွေက ကိုယ့်ချစ်သူကို ကိုယ်ချော့ကလက်လေးကျွေးဖို့များ ဘာလို့ ချစ်သူများနေ့မှာမှ
ကျွေးချင်ရတာလဲ.. တခြားနေ့တွေမှာလည်း ချစ်သူကို ဒီနေ့လိုပဲ ဂရုစိုက်နေမယ်... ချစ်နေမယ်ဆို ဘယ်လောက်ကောင်းမလဲ... ဒီလိုဆို လောကကြီးက ဘယ်လောက်များ သာယာလှပလိမ့်မလဲ... ခုတော့ ချစ်သူကို ချစ်ဖို့များ ရက်သက်မှတ်နေသေးတယ်... ကလန်ကဆန်လုပ်တာမဟုတ်ပါဘူး... တွေးမိတာလေး ပြောတာပါ...
အချစ်မှာ ကန့်သတ်ချက်တွေ ရှိနေဖို့ လိုလား...

Friday, February 13, 2009
Happy Birthday General Aung San.
Thursday, February 12, 2009
ခေါက်ယာဂု ရှမ်းပြည်မှာပဲရှိတာလား....
တပို့တွဲလမှာ တမင်းနဲထိုးကြပါတယ်...
ကိုယ်တို့ ရှမ်းပြည်မှာတော့ ယာဂုပေါ့...
ဒီမှာတော့ ထမင်းနဲ့ပဲရှိပါတယ်... ကိုယ်ကတော့ ရှမ်းပြည်က ပီပီ ထမင်းနဲကို သိပ်မကြိုက်ပါဘူး... ဒီအချိန်ဆို ခေါက်ယာဂုပဲစားချင်တာပဲ... လိုက်ရှာလို့လည်း မတွေ့ဘူး...
ဒီချိန် ရှမ်းပြည်မှာဆို တစ်အိမ်နဲ့ တစ်အိမ် ပို့လိုက်ကြတာ... များလွန်းလို့ စားတောင်မစားချင်တော့တဲ့ အထိပါ...
ခုတော့ အဲဒီအချိန်တွေကို လွမ်းလိုက်တာ... နောက်ဆုံး ဘယ်လိုမှ အနေနိုင်တော့လို့ အိမ်ကို လှမ်းမှာမိပါတယ်.. အိမ်က လုပ်ပြီးသားတွေ ထည့်လိုက်ရင် မကောင်းတော့မှာ စိုးလို့ ကိုယ်ကိုယ်ကိုယ် လုပ်စားလို့ရအောင် ကုန်ကြမ်းတွေ ထည့်ပေးလိုက်လေရဲ့...
ဒီနေ့ အလုပ်ပိတ်တာနဲ့ဆိုတော့ ကိုယ်လည်း ဒီနေ့ပဲလုပ်စားလိုက်တယ်... သူများတွေကိုတော့ မဝေတော့ပါဘူး.. ရေများသွားပြီးပျော့သွားလို့... ကိုယ်ကိုယ်ကိုယ်တော့ စားလို့ကောင်းနေသား...

Friday, February 6, 2009
မျက်ကြည်လွှာ ၃
မနေ့က မျက်ကြည်လွှာ သွားလှူဖြစ်တယ်... စာရင်းပေးရုံပါပဲ...
-နာမည်
-မှတ်ပုံတင်နံပါတ်
-လိပ်စာ
-ဖုန်းနံပါတ် ဒါပဲလိုတယ်...
နေရာက မျက်စိဆေးရုံ၊ မျက်စိဘဏ် မှာပါ... ကန်တော်ကြီးစောင်းမှာရှိပါတယ်...
မြို့ထဲကနေ (၄၆) စီးပြီး ဆေးရုံမှတ်တိုင်မှာ ဆင်းရပါတယ်... ဒါဆို ဆေးရုံရှေ့တည့်တည့်ကိုရောက်ပါတယ်...
ဆေးရုံရဲ့ အပေါ်ဆုံးထပ် ဘယ်ဘက်အခြမ်းမှာ ရှိပါတယ်... လျှာထွက်အောင်ကို တက်ရပါတယ်...
အပေါ်ရောက်တော့ ဝန်ထမ်းအစ်မတစ်ယောက်ပဲရှိတယ်... ဖောဖောရွေရွေရှိပါတယ်... ရောက်ရောက်ချင်း သူက
ကိုယ်တို့လေးယောက်ကို အစည်းအဝေးစားပွဲလို စားပွဲမှာ ထိုင်ခိုင်းပါတယ်... ကိုယ်တို့က ဘယ်သူများလာမလဲလို့
နောက်တော့ သူပဲကိုယ်တို့နားလာပြီး နာမည်စာရင်းစာအုပ်ကို ပေးပြီး စာရင်းသွင်းခိုင်းပါတယ်...
ကိုယ်တို့ နာမည်တွေ ဖြည့်နေတုန်း သူက မျက်ကြည်လွှာလှူတဲ့ အကြောင်းကို ရှင်းပြနေပါတယ်...
ကိုယ်တို့မှာ သူပြောတာကိုလည်း နားထောင်ရ.. နာမည်ကလည်း ဖြည့်ရနဲ့ အလုပ်ရှုပ်သွားပါတယ်...
သူရှင်းပြတဲ့ထဲမှာ မျက်ကြည်လွှာ အလှူရှင်ဖြစ်ဖို့ဆိုတာ မလွယ်ကြောင်း ပါပါတယ်...
အချက်တွေကတော့ များမှများပဲ...
ဘာလို့မလွယ်လဲဆိုတာကတော့ အလှူရှင်တွေက ခုစာရင်းပေးယုံပဲပေးခဲ့ကြတာပါ... နောက်ဒီအလှူရှင်တွေက ဘယ်အချိန်
ဘယ်နေရာမှာ ဆုံးပါးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး....
သူဆုံးတဲ့နေရာက ဝေးလွန်းနေရင်လည်း မျက်ကြည်လွှာထုတ်ယူဖို့ ဝန်ထမ်းတွေက အချိန်မှီရောက်နိုင်မှာ မဟုတ်ပါဘူး...
နောက်ပြီး မျက်စိဘဏ်က ရန်ကုန်၊ မန္တလေးမြို့ကြီး ၂ မြို့မှာပဲ ရှိပါတယ်....
အလှူရှင်ဆုံးဆုံးချင်းဖြစ်ဖြစ် ဆုံးခါနီးဖြစ်ဖြစ် ကျန်ရစ်သူမိသားစုက မျက်စိဘဏ်ကို အကြောင်းကြားဖို့လည်း လိုပါသေးတယ်...
ဘာလို့လဲဆိုတော့ မျက်ကြည်လွှာက လပ်လေကောင်းလေပါပဲ... ဆုံးပြီး ၄ နာရီအတွင်းမှာပဲ ထုတ်ယူလို့ရပါတယ်...
အလှူရှင်မှာ ကူးစက်ရောဂါတစ်မျိုးမရှိနေဖို့လည်း လိုအပ်ပါတယ်... ကူးစက်ရောဂါရှိခဲ့ရင် သူဆီက အလှူခံလို့မရပါဘူး...
တစ်ခါတစ်ခါမှာ ရန်ကုန်ဆေးရုံကြီးမှာ သူတို့မျက်ကြည်လွှာသွားရှာတတ်ကြတယ်တဲ့...
ဒါပေမယ့် ဒါဟာလည်း မလွယ်တဲ့ အလုပ်တစ်ခုပါ.. လူဆိုတာမျိုးက ဆေးရုံလာတယ်ဆိုတာ သေဖို့လာတာမှ မဟုတ်တာ...
ရောဂါသက်သာဖို့၊ အသက်ဆက်ရှင်ဖို့သာ လာကြတာပါ... ဒါကို ကိုယ်က မျက်ကြည်လွှာ အလှူခံချင်တယ်လို့ သွားပြောရင်
အခံမသင့်ရင် အရိုက်တောင်ခံရနိုင်တာပါ....
အဲ.. ဆုံးပြီးသား အလှူရှင်ကို တွေ့တော့လည်း စောစောက ပြောခဲ့သလို ရောဂါရှိနေရင် ယူလို့မရပြန်ဘူး....
ရောဂါမရှိပြန်တော့လည်း ကျန်ရစ်သူမိသားစုက ပေးချင်အုံးမှ... သူတို့ခွင့်ပြုချက်မရှိရင် ယူလို့မရပြန်ဘူးတဲ့...
အစကတည်းက ကိုယ်တို့လို ကိုယ်သဘောနဲ့ကိုယ် လှူထားပြန်တော့လည်း ကိုယ်တို့တွေက နောက်ထပ် အနှစ် ၂၀ ဆိုလည်းဟုတ်
၅၀ ဆိုလည်း ဟုတ်...( ၁၀၀ တောင်ဖြစ်ချင်ဖြစ်နိုင်သေးတယ်...) အသက်ဆက်ရှင်နေချင်နေမှာဆိုတော့
တစ်ရက်တစ်ရက် မျက်ကြည်လွှာလှူဖို့ စာရင်းပေးတဲ့သူတွေကတော့ များပြီး တကယ်တမ်းတော့ မျက်ကြည်လွှာက လူနာတွေအတွက်
ရှားပါနေဆဲပါပဲ...
နောက်တစ်ခုက အလှူရှင်ဆုံးတာက သွေးရိုးသားရိုးဖြစ်ဖို့လည်း လိုပါသေးတယ်...
မှုခင်းလူနာဆို စစ်ဆေးမှုတွေလုပ်အုံးမှာမလို့ မျက်ကြည်လွှာယူဖို့ နောက်ကျသွားပြန်ရောတဲ့...
ထုတ်ပြီးသား မျက်ကြည်လွှာကို မျက်ကြည်လွှာထည့်ဖို့ အထူးပြုလုပ်ထားတဲ့ ပုလင်းလေးထဲမှာ ထည့်ရပါတယ်...
ပုလင်းထဲက အရည်တွေက မျက်ကြည်လွှာအတွက် လိုအပ်တဲ့အစာအဟာရကို ပေးပါတယ်...
အဲဒီပုလင်းကိုလည်း လိုအပ်တဲ့အပူချိန်မှာပဲ ထားရပါတယ်.. ပူလို့လည်းမရသလို ရေခဲသေတ္တာလို သိပ်အေးခဲနေလို့လည်း
မရပါဘူးတဲ့... မျက်ကြည်လွှာက အရမ်းနူးညံ့တော့ ပျက်စီးလွယ်လှပါတယ်...
ဒါတွေက အလှူရှင်ဘက်ကပါ... လူနာဘက်က အခက်အခဲတွေလည်းရှိပါသေးတယ်...
မျက်ကြည်လွှာရတဲ့အချိန်မှာ လူနာကို မျက်စိဘဏ်က အမြန်ဆုံးဆက်သွယ်ရပါတယ်...
ခွဲစိတ်မှုလုပ်ဖို့ လူနာမှာ လုံလောက်တဲ့ ကျန်းမာရေးနဲ့ ငွေကြေးလည်း လိုပါတယ်.... ကျန်းမာရေးဆိုတာက မျက်စိမှာ အနာဖြစ်နေရင်
မျက်ကြည်လွှာထည့်လို့မရပါဘူး...
ဒီလိုအခက်အခဲ ပေါင်းစုံကိုပြောပြလိုက်တာ စိတ်ဓါတ်ကျခါနီးဆဲဆဲမှာ သူက မောင်လေးတို့ ညီမလေးတို့ ဒီလို လာလှူဖြစ်တာနဲ့ပဲ...
အလှူက တစ်ဝက်ဖြစ်နေပါပြီတဲ့ တော်ပါသေးရဲ့ ဒီစကားပြောလို့ ... မဟုတ်ရင် ကိုယ်တော့ စိတ်ဓါတ်ကို လုံးလုံးကျသွားမှာ...
စာရင်းရေးပြီးတော့ ကိုယ်တို့ကို ကဒ်ပြားလေးတွေ တစ်ခုစီပေးပါတယ်... လက်မှတ်ထိုးနာမည်ရေးပေါ့....
သက်သေလည်းလိုပါတယ်... ၄ ယောက်သွားကြတော့ တစ်ယောက်နဲ့တစ်ယောက် သက်သေလုပ်ပေးလိုက်ကြတာပေါ့...
နောက်အမှတ်တရစာအုပ်မှာ လက်မှတ်ထိုး စာတွေရေးခဲ့သေးတယ်...
ဘလော့မှာသာ အားရပါးရရေးနေတာ... အမှတ်တရစာအုပ်ကျတော့ ဘာရေးရမလဲ မသိတော့ဘူး... အဲလိုကိုယ်က...
နောက်ဆုံးတော့ မွေးနေ့အတွက် လှူပါတယ်ဆိုပြီးပဲရေးထားလိုက်တော့တယ်...
အစ်မကြီးကလည်း သူတစ်ယောက်တည်းရုံးပေါ်မှာဆိုတော့ ပျင်းရှာတယ်ထင်ပါတယ်... ကိုယ်တို့ကို စကားတွေ ဖောင်ဖွဲ့နေတော့တာ...
နဂိုကမှ ကိုယ်တို့ကလည်း စကားပြောပြောနဲ့ဆိုတော့ ခဏလေးနဲ့ အဖွဲ့ကျသွားပါတယ်...
သူနဲ့စကားတွေအများကြီးပြောပြီး ကိုယ်တို့ပြန်ခဲ့ပါတယ်...
စကားတွေသာ ပြောခဲ့တာ သူနာမည်လေးတောင် မမေးလိုက်မိဘူး.... နောက်တစ်ခါရောက်ရင်တော့ မေးလိုက်ပါအုံးမယ်...
ကိုယ်တို့သိချင်သမျှကို စိတ်ရှည်ရှည်နဲ့ရှင်းပြပေးတဲ့ သူကို ဒီကနေပြီး ကိုယ်နောက်တစ်ခါ ကျေးဇူးတင်ပါတယ်...
ဒီလိုကုသိုလ်ရတဲ့ အလုပ်မျိုးကို လုပ်နေတဲ့အတွက် ကိုယ်တို့ သူကို သာဓုခေါ်ပါတယ်...

Thursday, February 5, 2009
မွေးနေ့
ဒီနေ့မွေးနေ့...
မျက်ကြည်လွှာသွားလှူတယ်...
ကိုယ်နဲ့တူတူ ကိုယ်အတွက် မျက်ကြည်လွှာ လက်ဆောင်ပေးတဲ့ သူငယ်ချင်းကိုရော... သူငယ်ချင်းမကတဲ့သူကိုရော... ကျေးဇူးတင်ပါတယ်...
မျက်ကြည်လွှာလှူတာကို အကြောင်းအမျိုးမျိုးကြောင့်မလိုက်နိုင်ပေမယ့် ကိုယ့်ကို သတိတရရှိပေးတဲ့ သူငယ်ချင်းတွေကို လည်း ကျေးဇူးတင်ပါတယ်...
ဘုရားသွားတယ်...
ဆယ်စုနှစ်တစ်ခုလုံး စွဲလမ်းခဲ့တဲ့ ... အရာတစ်ခု
ကိုယ်ကိုလည်း အမြဲဒါဏ်ရာတွေ ပေးနေတဲ့ အရာတစ်ခုကို .. ကိုယ်ကိုယ်တိုင်ပဲ ဖျက်စီးပစ်လိုက်တယ်... နောင်တရမလားတော့ မသိသေးဘူး... ခုထိတော့ ကိုယ်မှန်တယ်ထင်တုန်း...
အမှတ်တရပါပဲ....

Wednesday, February 4, 2009
သေနည်းသင်တန်း
Sunday တုန်းက သေနည်းသင်တန်းဆိုတဲ့ သင်တန်းတစ်ခုသွားတတ်တယ်...
တရားထိုင်တာပါပဲ... ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က ဓမ္မာရုံတစ်ခုမှာပါ...
ည ၇ နာရီကနေ ၉ နာရီလောက်အထိပါ...
၇ နာရီ မှာ တရားစဟောပြီး ၇ နာရီခွဲကနေ ၈ နာရီခွဲအထိ တရားထိုင်ရပါတယ်...
တရားမထိုင်ခင် ဘုရားရှိခိုးပြီး ခင်ပွန်းကြီး ၁၀ ပါးကို ရှိခိုးရပါတယ်...
တရားထိုင်ပြီးတော့ မေတ္တာပို့ အမျှဝေတာ နောက်ထပ်နာရီဝက်ကြာပါတယ်...
တရားဟောဆရာကလည်း လေသံအေးအေးလေးနဲ့ ဓမ္မာရုံကလည်း အေးအေးချမ်းချမ်းဆိုတော့ .... တော်တော်ထိုင်လို့ကောင်းပါတယ်...
သူတို့တရားပွဲက Sunday တိုင်းရှိတယ်လို့သိရပါတယ်... ခုအပတ်နဲ့ဆို ၆ ပတ်ရှိပါပြီ...
နောက်အပတ်တွေမှာလည်း သွားဖို့ဆုံးဖြတ်ထားပါတယ်...
အမြဲတမ်း IC Show ပဲ သွားသွားကဲနေလို့တော့မဟုတ်သေးဘူး မလား... အသက်ကတစ်ရက်တစ်ရက် ကြီးလာပြီဆိုတော့ ... သေခြင်းတရားဆိုတာ ဘယ်အချိန် ကိုယ်ဆီရောက်လာမယ်ဆိုတာ မသိနိုင်လို့ ဒီအလုပ်တွေ ကြိုလုပ်ပါတယ်...
ဒီအပတ်ကတော့ ရေလည်ခံလိုက်ရပါတယ်... ပွဲမှာကထားတဲ့ အရှိန်နဲ့ တကိုယ်လုံးညောင်းကိုက်နေတဲ့ အချိန် ၂ နာရီလုံး တရားထိုင်သလို ထိုင်လိုက်ရတာ.. ကိုယ်တော်တော်လေး အီသွားပါတယ်...
အဲမေ့တော့မလို့ တရားပွဲပြီးပြန်တဲ့အချိန် အဟာရဒါနဆိုပြီး ပလာတာကျွေးသေးတယ်.. ဟဲဟဲ

Tuesday, February 3, 2009
IC Show
၃၁ ရက်နေ့က IC show သွားတယ်...မကြည့်လိုက်ရတဲ့သူတွေ သွားရည်ကျအောင် ရေးလိုက်အုံးမယ်...
လူတွေစည်လိုက်တာ... ခါတိုင်း IC ပွဲတွေ ဒီလိုမစည်ဘူး.. လေးဖြူပါလို့ထင်ပါရဲ့...
လက်မှတ်တွေက ရှေ့ရက်တွေကတည်းက ကုန်နေပြီး... ပွဲနေ့ကျတော့ အပေါက်ဝမှာ ၅၀၀၀ ပေးပြီးဝင်လို့ရတယ်...
ပွဲစပြီး ခဏနေတော့ လူတွေ တိုးလာပြီး အလကားပါ ဝင်လို့ရတယ်... အဲဒီမှာ လူတွေ အရမ်းများသွားတာ...
စစချင်းဝင်သွားတုန်းက ရန်တွေဖြစ်မလားလို့ စိတ်ပူနေသေးတယ်...
Show အချိန်မှာတော့ ရန်မဖြစ်ကြဘူး... အားလုံးက သီချင်းသံတွေနဲ့ စီးမျှောလို့...
ရေလည်လန်းသွားတာ... ဘာသီချင်းတွေဆိုသွားလဲတောင် မမှတ်မိတော့ဘူး..
လေးဖြူက BOB ထဲက စာမျက်နှာ၁၅၊ ငါရဲ့လမင်း နဲ့ သံယောဇဉ် ၃ပုဒ်ဆိုတာတော့ မှတ်မိတယ်...
၁၀ နာရီခွဲလောက်နဲ့ ပွဲပြီးသွားတော့ အားတောင်မရဘူုး...
ပွဲပြီးလို့ ပြန်ထွက်တော့မှ ရန်တွေဖြစ်လို့... ထွက်ပေါက်က ကျဉ်းလို့ထင်တယ်...
ခဏနေတော့ ရဲတွေရောက်လာပြီး ရန်ပွဲပြီးသွားတယ်..
လေးဖြူမှလည်း သူပရိတ်သတ်နဲ့သူ ရှိသလို ရန်ပွဲမှာလည်း ပရိတ်သတ်တွေရှိတယ်...
ဝိုင်းအားပေးလိုက်ကြတာ...
ကိုလေးဖြူကိုလည်း ကျေးဇူးတင်ပါတယ်.. ပွဲတွေပြန်ဆိုပေးတဲ့အတွက်...

တူတူသွားကြတဲ့ သူငယ်ချင်းတွေ စုရိုက်ထားတာပါ...

Subscribe to:
Posts (Atom)